အင်းလေးဒေသထွက် ခရမ်းချဉ်သီး ဈေး မရ၍ တောင်သူများအပြင် ပွဲရုံများပါ အခက်တွေ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 27, 2026

အင်းလေးဒေသထွက် ခရမ်းချဉ်သီး ဈေး မရ၍ တောင်သူများအပြင် ပွဲရုံများပါ အခက်တွေ့


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီးများ အထွက်နှုန်း တိုးသော်လည်း ဈေး မရ၍ စိုက်တောင်သူများ သာမက ပွဲရုံလုပ်ငန်းများပါ ထိခိုက်နေသည်ဟု သိရသည်။

.

ခရမ်းချဉ်သီးတွင် ကုန်းသီးနှင့် ရေသီး(ကျွန်းမျောသီး) အမျိုးအစား ၂ မျိုး ရှိပြီး ယနေ့ မေလ ၂၇ ရက်တွင် ၃၁ ပိဿာပါ တစ်တင်းလျှင် ငွေကျပ် ၃၅၀၀၀ ဈေးသာ ရှိနေခြင်း ဖြစ်ပြီး ယခင်နှစ်က ကာလတူဈေးနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ထိ ပေါက်ဈေးထိ ရှိခဲ့သည်ဟု သိရသည်။

.

“ တစ်တင်းကို ၃၅၀၀၀ ဈေး ရှိပါတယ်။ အကြွေးစနစ်နဲ့ ဆိုရင်တော့ ၃၈၀၀၀ ဖြစ်ပါတယ်။ အရင်နှစ်က ၇၀၀၀၀ လောက် ဈေး ရှိတယ်ဆိုတော့ ထက်ဝက်လောက် ကွာ သွားတာပေါ့။ လမ်းပန်းဆက်သွယ်ရေး အခြေအနေနဲ့ ဆီဈေးက တက်လာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။” ဟု အောင်မြန်မာ ကုန်စည်ပို့ဆောင်ရေးနှင့် ပွဲရုံလုပ်ငန်းမှ ဦးအောင်အောင် က ပြောသည်။

.



ယင်းကဲ့သို့ ခရမ်းချဉ်သီး ဈေး ထက်ဝက်ခန့် ကျဆင်းလာသော်လည်း မြေဩဇာ အပါအဝင် အလုပ်သမားစရိတ်၊ စက်လှေခကဲ့သို့သော အသုံးစရိတ်များမှာ ကျဆင်းခြင်း မရှိသည့် အပါအဝင် မြင့်တက်လာခြင်းကြောင့် စိုက်တောင်သူများ အရှုံးနှင့် ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

.

“ ဈေးကသာ မရတာ၊ ကျန်တဲ့စရိတ်တွေက တစ်နေ့ထက် တစ်နေ့ ပို ပို တက်လာတာ။ မြေဩဇာတို့ ပေါင်းသတ်ဆေးတို့ဆိုရင် ရွှေကြနေတာပဲ တော်တော် ရှား (ဈေးကြီး)တယ်။ ပွဲရုံတွေကလည်း ပြင်ပပေါက်ဈေးနဲ့ တော်တော်လေး ဈေးကို ခွာပြီး ယူကြတော့ အဆင်မပြေနေဘူး။” ဟု ခရမ်းချဉ်စိုက် တောင်သူ တစ်ဦးက ပြောသည်။

.

ခရမ်းချဉ်စိုက် တောင်သူများ အနေဖြင့် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဗဟုသုတ ရှိရန် လိုအပ်ပြီး၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် အစည်းအဝေးများ၊ ဟောပြောပွဲများကို တက်ရောက်၍ လမ်းပန်းဆက်သွယ်ရေး အပါအဝင် စိုက်ပျိုးရေးဆိုင်ရာ သတင်းများ၊ မိုးလေဝသ သတင်းများကို အမြဲမပြတ် လေ့လာနားထောင်နေမှသာ အောင်မြင်သည့် စိုက်ပျိုးရေးလုပ်ငန်း အဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်ဟု ဦးအောင်အောင်က အကြံပြုထားသည်။

.



ခရမ်းချဉ်စိုက် တောင်သူများ အရှုံးပေါ်နေသကဲ့သို့ပင် ပွဲရုံလုပ်ငန်းများ အနေဖြင့်လည်း စိုက်ပျိုးတောင်သူ များ၍ ကုန် များလာသော်လည်း ဝယ်လိုအား မရှိသည့် အခြေအနေ၊ လုပ်အားခ ကြီးမြင့်လာမှု၊ သယ်ယူ ပို့ဆောင်ရေးစရိတ် ကြီးမြင့်မှုတို့ကြောင့် အခက်အခဲများ ဖြစ်ကာ ဆုံးရှုံးမှုများ ရှိသည်ဟုလည်း ဦးအောင်အောင်က ဆိုသည်။

.

အင်းလေးဒေသထွက် ခရမ်းချဉ်များကို မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ သထုံ၊ မော်လမြိုင်နှင့် ဒေသအသီးသီး ဖြန့်ချိပို့ဆောင် ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။

.

ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၀၀ ကျော် တည်ရှိသည့်အနက် ရွာပေါင်း ၁၃ ကျော်ခန့်မှာ ခရမ်းချဉ်ကျွန်းမျော စိုက်ပျိုးကြပြီး ခရမ်းချဉ်စိုက် တောင်သူဦးရေ ၄၀၀၀ ခန့်သည် ကျွန်းမျောစိုက်ဧကပေါင်း ၆၀၀၀ ခန့် စိုက်ပျိုးကြကာ အင်းလေးဒေသမှ ခရမ်းချဉ်သီး တစ်နှစ်ပျဉ်းမျှ အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၄၅၀ မှ ၇၀၀ အထိ ထွက်လေ့ရှိကြောင်း သိရသည်။

.

#KBZTai #Shan #Inle #News
.

No comments:

Post a Comment

Pages