.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်
.
အနောက်တိုင်းဆေးများ ရောနှောပါဝင်ပြီး စံမညီသည့်
တိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်ဟု
သိရသည်။
.
.အဆိုပါ တိုင်းရင်းဆေးများမှာ “ကာယသုခဆရာကြီးဖိုးဘစံ”
အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး၊ “ငွေနတ်သား”
အမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး၊ “သစ္စာရှင်” အမှတ်တံဆိပ်
အဆစ်အမျက်နာနှင့် အကိုက်အခဲပျောက်ဆေး၊ “မေတ္တာရှင်” အမှတ်တံဆိပ် လေးဖက်နာ၊
အဆစ်အမျက်နာ၊ ဂေါက်ရောဂါနှင့် အကိုက်အခဲပျောက်ဆေး၊ “ရွှေဆေး” အမှတ်တံဆိပ်
အဆစ်အမျက်အကိုက်အခဲသောက်ဆေးတို့ဖြစ်ပြီး ယင်းတိုင်းရင်းဆေးများတွင် အခြားဆေးဝါးများ၏
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် (TMR) များကို
ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့်
ထုတ်လုပ်ခွင့်လိုင်စင်မရှိခြင်းတို့ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
.
ဓာတ်ခွဲစစ်ဆေးချက်များအရ အဆိုပါဆေးဝါးများတွင် Paracetamol
နှင့် Diclofenac ကဲ့သို့သော
အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့ရပြီး “ရွှေဟင်္သာ”
အမှတ်တံဆိပ် အဆစ်အမျက်အကိုက်အခဲသောက်ဆေးမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်
ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်အတွင်း ရောင်းချနေသည့် ဆေးဝါးမှာ
မှတ်ပုံတင်စဉ်က ဖော်ပြထားသည့် ဆေးဖုံ၊ ဖော်စပ်နည်းများနှင့် မကိုက်ညီဘဲ
စံမညီတိုင်းရင်းဆေးဝါးအဖြစ် တွေ့ရှိရကြောင်းနှင့် ဓာတ်ခွဲ စစ်ဆေးချက်အရ Diclofenac
ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါဆေးဝါးများသည်
စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သဖြင့် အများပြည်သူများ
သုံးစွဲရန်မသင့်ကြောင်း အသိပေးထားသည်။
.
ထို့အပြင် တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့်
လုပ်ငန်းများနှင့် ဆေးဆိုင်များအနေဖြင့် မှတ်ပုံတင် မရှိသော ဆေးဝါးများ၊
ဆေးဝါးအတုများနှင့် စံမညီ တိုင်းရင်းဆေးဝါးများကို တင်သွင်း၊ ဖြန့်ဖြူး၊
ရောင်းချခြင်း မပြုလုပ်ကြရန် သတိပေးထားပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက
တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) နှင့် (၃၂) တို့အရ တရားစွဲဆိုအရေးယူ သွားမည်ဖြစ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
.
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော
တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်
မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
.


No comments:
Post a Comment