ကွန်ဂိုမှာ အီဘိုလာ ပျံ့နှံ့မှုနှုန်း တိုးလာနေချိန်မှာပဲ အလောင်း ပြန်မပေးတဲ့ ကိစ္စတွေကြောင့် အီဘိုလာစင်တာတွေ တိုက်ခိုက် ခံနေရပြီး တချို့စင်တာတွေမှာလည်း ရောဂါကူး စက်ခံရသူ တချို့က ကြောက်စိတ်နဲ့ ထွက်ပြေးနေကြလို့ အခြေအနေတွေ ကသောင်းကနင်း ဖြစ်ကုန်ကြပါတယ်။
.
အီဘိုလာရောဂါ ပျံ့နှံ့မှုကို တားဆီးဖို့ ဆောင်ရွက်နေတဲ့
ဆေးဖက်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ အာဖရိကရဲ့ ဒေသခံ ရိုးရာဓလေ့တွေ ထိပ်တိုက် တွေ့နေကြတာ
ဖြစ်ပြီး ရောဂါကြောင့် သေဆုံးသူတွေအပေါ် သင်္ဂြိုဟ်မှုဆိုင်ရာ
ကိစ္စတွေကြောင့် လူတွေက ဒေါသထွက်နေကြတာပါ။
.
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ အီဘိုလာ ကျန်းမာရေးဌာနတွေကို
တိုက်ခိုက်မှုတွေ ရှိလာခဲ့ပြီး ဒေသခံတွေက သေဆုံးသွားတဲ့ သူတို့ဆွေမျိုးတွေရဲ့ ရုပ်အလောင်းကို
ပြန်တောင်းခဲ့ကြတာပါ။ အီဘိုလာကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို ကောင်းကောင်း သင်္ဂြိုဟ်ပေးပါတယ်လို့
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့်လည်း လူနာရှင်တွေကတော့
ဒီရုပ်အလောင်းတွေထဲက ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ပြီး ရောင်းစားတဲ့ စီးပွားရေး
လုပ်နေကြတာလို့ ထင်မြင်နေကြတာပါ။
.
ဒါ့အပြင် အီဘိုလာစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ ရောဂါ ဖြစ်နေသူတချို့ကလည်း
သေဆုံးသွားမှာ၊ ကောင်းမွန်စွာနဲ့ သင်္ဂြိုဟ် မခံရမှာကို စိုးရိမ်ပြီး
ထိန်းသိမ်းရေးစခန်းတွေကနေ ထွက်ပြေးကုန်ကြတယ်လို့လည်း သိရပါတယ်။
.
ကွန်ဂိုနိုင်ငံရဲ့ ဓလေ့တွေမှာတော့ သေဆုံးသူရဲ့ ဆွေမျိုးတွေနဲ့
အိမ်နီးချင်းတွေဟာ နောက်ဆုံး ဂါရဝပြုဖို့ စုဝေးလေ့ ရှိပြီး တချို့က နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့
ရုပ်အလောင်းကို ထိတွေ့ နှုတ်ဆက်တတ်ကြတာပါ။
.
“မွန်ဘွာလူမှာ နေတဲ့ ကျွန်တော့်သမီးက ပြီးခဲ့တဲ့ လက အီဘိုလာနဲ့
သေသွားတယ်။ ဆေးဖက်ဆိုင်ရာအဖွဲ့က သူ့ကို လာ သင်္ဂြိုဟ်သွားတယ်။ ကျွန်တော်တို့
နောက်ဆုံး နှုတ်ဆက်ခွင့် မရခဲ့ဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှုအရ လုပ်ရတဲ့
အခမ်းအနားတွေကို မလုပ်နိုင်ဘဲ ဒီအတိုင်းကြည့်နေရတာ အခုထိ
စိတ်မကောင်းဖြစ်ရတယ်” လို့ အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက ပြောပါတယ်။
.
ပြီးခဲ့တဲ့ စနေနေ့အထိ ကွန်ဂိုမှာ အီဘိုလာကြောင့် သေဆုံးသူ ၁၈၀
ကျော်သွားခဲ့ပြီး ကူးစက်ခံရသူပေါင်း ၈၀၀ ကျော်ရှိသွားခဲ့ပြီ ဆိုတဲ့အကြောင်း
ကွန်ဂို ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
.
ဒေသအာဏာပိုင်တွေကတော့ ရောဂါ ပျံ့နှံ့မှုကို လျှော့ချဖို့အတွက် လူစုလူဝေးတွေ ကန့်သတ်ခြင်း၊ ညအိပ် ဝမ်းနည်းပွဲတွေ
ရပ်ဆိုင်းခြင်းနဲ့ ရုပ်အလောင်းတွေကို တစ်နေရာကနေ တစ်နေရာ ရွှေ့ပြောင်းမှုကို
တားမြစ်ခြင်း စတဲ့ စည်းကမ်းတွေ ချမှတ်ထားပါတယ်။
.
Ref –
AFP
.
#KBZTai #Shan #International #Ebola

No comments:
Post a Comment