ရှမ်းတောင်ဒေသထွက် ဂေါ်ဖီထုပ် ဈေးကွက် မရှိသဖြင့် တောင်သူများ အရှုံးပေါ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 25, 2026

ရှမ်းတောင်ဒေသထွက် ဂေါ်ဖီထုပ် ဈေးကွက် မရှိသဖြင့် တောင်သူများ အရှုံးပေါ်



ရှမ်းပြည်နယ်တောင်ပိုင်း ဒေသထွက် ဂေါ်ဖီထုပ်များ ဈေးကွက် မရရှိသဖြင့် တောင်သူများ အရှုံးပေါ်နေပြီး ရောင်း မရသည့် ဂေါ်ဖီထုပ်များကို အပုပ် ခံထားနေရသည်ဟု သိရသည်။

.
ဒီနှစ်က တော်တော်ကို ဆိုးရွားသွားတာပါ။ ပွဲစားလည်း အဆင်မပြေဘူး။ ခြံသမားလည်း အဆင်မပြေဘူး။ ဝယ်လက်တွေက မရှိတော့ မကုန်မခန်းနိုင် ဖြစ်ပြီးတော့ စုပုံထားရတာပေါ့။ မရောင်းရတဲ့ဟာ ခြံထဲတင်ပဲ အပုပ် ကျသွားခဲ့တာပေါ့။ အရင်းက (တစ်ဧက ပျဉ်းမျှ) သိန်း ၃၀//၄၀ လောက် ကုန်တယ်။ ပြန်ရောင်းရင် တစ်ထုပ်မှ ၃၀၀/၄၀၀ ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ မြေဩဇာတစ်အိတ်ကို ၂ သိန်းကျော် ရှိတယ်” ဟု ဂေါ်ဖီထုပ်စိုက် တောင်သူ တစ်ဦးက ပြောသည်။
.



ယခင်နှစ်များက ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေး ရရှိခဲ့ပြီး ယခုနှစ်တွင် စိုက်ပျိုးစရိတ် မြင့်တက်လာသည့်အပြင် ပြန်လည်ရောင်းချရာတွင် ဈေး မရသည့်အတွက် တောင်သူများ အဆင်မပြေ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ဂေါ်ဖီထုပ်က ဈေး လုံးဝ မရှိဘူး။ ခုတ်လာရင်လည်း ကားခနဲ့ မကိုက်ဘူး။ ကားခ တစ်စီးလျှင် ၃ သိန်းမှ ၃ သိန်းခွဲအထိ ပေးရတယ်။ (ဂေါ်ဖီထုပ်သယ်) ထမ်းခက တစ်ထုပ်ကို ၁၀၀ ရှိတယ်။ ရောင်းတော့ တစ်ထုပ်ကို ၂၀၀/၃၀၀ ဆိုတော့ ဘာမှ လုပ်လို့ မရတော့ဘူး” ဟု အခြား တောင်သူတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အောင်ပန်းမြို့ရှိ ကုန်စည်ဒိုင်များတွင် ဂေါ်ဖီထုပ် စိုက်ပျိုးသူ တောင်သူများကို ဝယ်လက်နှင့် တိုက်ရိုက် ချိတ်ဆက် ရောင်းချပေးလျက်ရှိရာ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၃၀၀ မှ ၄၀၀ ကျပ်အထိသာ ဈေး ရရှိပြီး အများဆုံး ၅၀၀ ကျပ်သာ ရရှိကြောင်း သိရသည်။
.
ရှမ်းတောင်ဒေသမှ စိုက်ပျိုးထွက်ရှိသည့် ဂေါ်ဖီထုပ်များကို ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ တစ်ဝှန်း လုံးသို့ ပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး ယခုနှစ်တွင် ဈေးကွက် မရရှိသည့်အတွက် ယခင်က ကားတစ်စီးစာ ဂေါ်ဖီထုပ် ဝယ်ယူသူများသည် ယခုနှစ်တွင် အထုပ်ရေ ၁၀၀/၂၀၀ ခန့်သာ ဝယ်ယူနိုင်ကြတော့သည်ဟု သိရသည်။
.
ဂေါ်ဖီထုပ်များမှ ဈေး မရသည့်အပြင် စက်သုံးဆီဈေး မြင့်တက်မှုကြောင့် သယ်ယူ ပို့ဆောင်ခ ကြီးမြင့်နေပြီး တွက်ချေ မကိုက်သဖြင့် တောင်သူများ သာမက ကုန်သည်ပွဲစားများပါ အရှုံးပေါ်နေရသည်ဟု သိရသည်။
.
#KBZTai #Shan #AungBan #Agirculture
.

No comments:

Post a Comment

Pages