.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်တွင်
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လ ၁ ရက်မှ စတင်၍
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေလျက်ကြောင်း သိရသည်။
.
.ကျောင်းကြို/ပို့လုပ်သည့်
မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် အများစုမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို
လိုက်နာခြင်းမရှိဘဲ အများပြည်သူ အသုံးပြုနေသည့် လမ်းမများနှင့် ကျောင်းအနီး
နေရာများတွင် ရပ်တန့် ထားခြင်းများအပြင် စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့်
ယင်းကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း ဒေသခံများထံက
သိရသည်။
.
“တချို့တွေက မောင်းချင်သလိုမောင်းပြီး ရပ်ချင်သလို
ရပ်ထားခဲ့ကြတာပေါ့။ ကျောင်းဖွင့်စရက် လူများတယ် ဆိုပေမဲ့ စည်းကမ်းမရှိတာတွေကြောင့်
လမ်းတွေ ပိတ်ကုန်တာပါ” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်
(၃) အခြေခံပညာအထက်တန်းကျောင်း ကြားရှိ ဘုရင့်နောင်လမ်းမှာ
ကျောင်းကြို/ပို့ချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်နေပြီး
ယာဉ်အန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
.
“ဘောလုံးကွင်းမြောက်ဘက်က လမ်းဆိုရင် လမ်းပိတ်တာက
တော်တော်ဆိုးပါတယ်။ ကျောင်းကလည်း နှစ်ကျောင်းဆိုတော့ ကျောင်းဆင်းချိန်ဆို ကလေး
ကြိုတာတောင် မနည်းသွားရတယ်။ ကားတွေက လမ်းမ ပေါ်လည်း ရပ်ထားကြတာပဲ။ တချို့ဆို ကလေးတစ်ယောက်
ကားတစ်စီးနှုန်းနဲ့ လာကြတော့ လမ်းတွေ ပိတ်ကုန်တာပေါ့” ဟု ကျောင်းသား မိဘတစ်ဦးကလည်း
ပြောဆိုခဲ့သည်။
.
ထို့အပြင် ကိုယ်ပိုင်ကျောင်း အများစုသည် လုံလောက်သည့်
ကားပါကင်နေရာ မရှိခြင်းကြောင့် အဆိုပါ ကျောင်းများအနီးတစ်ဝိုက် နေရာများတွင် လမ်းပိတ်ဆို့မှုများ
ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် အစိုးရ
အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းနှင့် မူလတန်းများ၊
ကိုယ်ပိုင်ကျောင်းအများအပြား ရှိနေပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်
တောင်ကြီးမြို့နယ် အတွင်း ထက်/လယ်/မူ ကျောင်းသား/သူ စုစုပေါင်း ၈၀၀၀၀ ခန့်
ရှိကြောင်း သိရသည်။
.

No comments:
Post a Comment