ကထွမ့် ခေါ် ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များပြားလာပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 18, 2026

ကထွမ့် ခေါ် ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များပြားလာပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

.
ရှမ်းပြည်နယ် ဒေသအတွင်းကထွမ့် ခေါ် ဘိန်းစာရွက်ပြုတ်ရည်ကို လူငယ်များ အပါအဝင် သုံးစွဲသူ များပြားလာ နေပြီး နောက်ဆက်တွဲ ဆိုးကျိုး အန္တရာယ်များ ရှိလာနိုင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
အဆိုပါ ဘိန်းစာရွက်ပြုတ်ရည်ကို လူငယ် ယောက်ျားလေးများအပြင် မိန်းကလေးငယ်များပါ သုံးစွဲလာနေ သည့်အတွက် သုံးစွဲသူ ကလေး တစ်ဦးချင်းစီ၏ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုးများ ရှိလာနိုင်သလို နောက်ဆက်တွဲ အနေဖြင့် ကထွမ့် ဝယ်ယူ အသုံးပြူနိုင်ရန်အတွက် ငွေကြေး နှင့် ပစ္စည်းများ ခိုးယူခြင်းတို့လည်း ဖြစ်လာနိုင်သည်ဟု လဲချားမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။
.
လူငယ်တွေအတွက်ပေါ့ ယောက်ျားလေးကော၊ မိန်းကလေးကော သုံးတာဆိုတော့ အရမ်းကို အန္တရာယ်များ ပါတယ်။ မူးယစ်ဆေးဝါး အပျော့စားလို့ပဲ ပြောရမှာပေါ့။ ရေရှည် သုံးစွဲပြီဆိုရင် မူးယစ်ဆေးလိုပဲ စွဲသွားတာ ပေါ့။ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း အများကြီး ရှိလာဦးမှာပါ။ ကထွမ့် သုံးစွဲမှုက လူငယ်တွေကြားထဲ မှာ Trend တစ်ခုလို ဖြစ်ပြီးတော့ ကော်ဖီဆိုင် ထိုင်သလို ထိုင်ကြတယ်။ ဆယ်ကျော်သက် ကလေးတွေပေါ့၊ ကျွန်မတို့ ဘက်မှာ ဆိုးရင် ဆိုးဆိုးရွားရွား ၁၂/၁၃ နှစ် အရွယ်တွေလည်း ထိုင်တယ်” ဟု အဆိုပါ အဆိုပါ လဲချား ဒေသခံ အမျိုးသမီးက ပြောသည်။
.
ရှမ်းပြည်နယ် ဒေသအတွင်း ကထွမ့် ခေါ် ဘိန်းစာရွက်ပြုတ်ရည် တန်ဖိုးမှာ အနည်းဆုံး ကျပ် ၂၀၀၀၀ ခန့် ရှိနေကာ နယ် မြို့များ သာမက တောင်ကြီး၊ ဟိုပုံး၊ အေးသာယာကဲ့သို့သော မြို့များတွင်ပါ ရောင်း/ဝယ်မှုများ ရှိလာနေသည်ဟု သိရသည်။
.
ဘိန်းစာရည် သည် ခွန်အားဖြစ်စေသည့်အရာတစ်ခု မဟုတ်ဘဲ စိတ်ကြွရူးသွပ်ဆေးကဲ့သို့ပင် ရေရှည်တွင် ဦးနှောက် အာရုံကြောနှင့် အရေးကြီးသည့် ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာများကို ပျက်စီးစေပြီး အသက် အန္တရာယ် အထိ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
.
ရှမ်းပြည်နယ်အတွင်း ဘိန်းစာရွက် သုံးစွဲမှုကို ထိန်းချုပ်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ တားဆီးမှုများလည်း ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ရှိသည့် ဒေသများတွင် လုပ်ကိုင်ရန် ခက်ခဲကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကလည်း ပြောဆိုထားသည်။
.
အဆိုပါ ဒေသများရှိ ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသည့် ဆိုင်များမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပတ်သက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောဆိုနေကြပြီး အမှန်တကယ် ပတ်သက်ခြင်း မရှိ/မရှိ တိတိကျကျ မသိနိုင်ဘဲ အချို့မှာ အဖွဲ့အစည်းအမည် အလွဲသုံးစား ပြုလုပ်ခြင်းမျိုးလည်း ဖြစ်နိုင် ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခု ဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကလည်း ၎င်းတို့ထိန်းချုပ် နယ်မြေအတွင်း ကထွမ့် ခေါ် ဘိန်းစာရည် ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း မပြုရန် တားမြစ်ကြောင်း အသိပေး စာများ ထုတ်ပြန်ထားသည်။
.
သူတို့ဘက်က တရားဝင်စာ ထုတ်လိုက်ခြင်းအားဖြင့် လက်နက်ကိုင် အဖွဲ့အစည်းဘက်ကနေ တာဝန်ယူ ပြီးတော့ ကထွမ့် ဆိုင်လေးတွေကို စီမံသွားမယ်ဆိုရင်လည်း ပို ကောင်းသွားမယ်လို့တော့ ထင်ပါတယ်” ဟု အခြား ဒေသခံတစ်ဦးကလည်း ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံတွင် ဘိန်းစာပင် စိုက်ပျိုးထုတ်လုပ် ခြင်းနှင့် သုံးစွဲခြင်းကို တရားမဝင်ကြောင်း ၂၀၀၅ ခုနှစ်ကတည်းက ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကာ အိမ်နီးချင်း ထိုင်ငံတွင်မူ ဘိန်းစာရွက် (ကထွမ့်) ကို မူးယစ်ဆေးဝါး စာရင်းမှ ပယ်ဖျက်ပေးထားသလို UNODC ကလည်း မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ပေးထားသည့်အတွက် မူးယစ်ဆေးဝါးဟု အမည်တပ်ရန် ခက်ခဲ ကြောင်း ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။
.

နိုင်ငံတော်အတွက် တည်ဆောက်ရေးကာလမှာ လူငယ်လူရွယ်တွေက အရေးပါတဲ့ ကဏ္ဍမှာ ပါနေတယ် ဆိုတော့ မူးယစ်ဆေးပြဿနာတွေ မရှိလေ နိုင်ငံတော် တိုးတက်ဖို့အတွက် ပိုပြီး ကောင်းလေပေါ့” ဟု ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

.
အဆိုပါ ဘိန်းစာရွက်သည် မူးယစ်ဆေး တစ်မျိုး ဖြစ်သည့်အတွက် အလွန်အကျွံ သုံးစွဲပါက ဘေးထွက် ဆိုးကျိုး များဖြစ်သည့် မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစားစာချင်စိတ် ပျောက်ဆုံးခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း၊ ဝမ်းချုပ်ခြင်းများ ခံစားရနိုင်ကာ ပိုမိုဆိုးရွားလာပါက အသက်ရှူရန် ခက်ခဲကာ လေဖြတ်ခြင်း၊ မသုံးစွဲရ မနေနိုင်အောင် စွဲလန်းခြင်း ဝေဒနာများကို ခံစားရနိုင် ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

.
#KBZTai #Shan #Taunggyi #Kratom #Drugs

No comments:

Post a Comment

Pages