သီပေါ၌ ပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

သီပေါ၌ ပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် ပိတ်သိမ်းထားရသည့် အခြေခံပညာ စာသင်ကျောင်း ၁၇ ကျောင်းကို ယမန်နေ့ ဩဂုတ်လ ၂၉ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်၍ သင်ကြားရေး လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

.

ယင်း ပိတ်သိမ်းထားသည့် ကျောင်းများမှ ကျောင်းသူ/သားများ အတွက် ပညာရေး အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ပေးအပ်သည့် အခမ်းအနားကို ဆင်ကျော့နှင့် ဆောင်ကြဲရှိ အခြေခံပညာ ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ စိုင်းကောင်းသက်စံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ စစ်ဦးစီးချုပ် စဝ်သျှံဖနှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

.

“ ပညာရေးဝန်ကြီးဌာနက သင်းရိုးညွှန်းတန်းနဲ့ ဆရာ/မတွေက ယခင်အတိုင်းပဲ ပြန်လည် သင်ကြားတာ ဖြစ်ပါတယ်။ ဒီကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ်မှုမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပြင် ဒေသတွင်း အဖွဲ့အစည်း ဖြစ်တဲ့ SSPP ကလည်း ဝိုင်းဝန်း ကူညီကြပါတယ်။ ဒီကျောင်းတွေ ပြန်လည် ဖွင့်လှစ်ဖို့ အဆောက်အဦတွေ ပြန်လည်ပြင်ဆင်တာတွေ၊ ခြုံရှင်းတာတွေ၊ ကျောင်းသုံးဗလာစာအုပ် ထောက်ပံ့တာတွေကို ကူညီ ဆောင်ရွက်ကြပါတယ်။” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က ပြောသည်။

.

နှစ်ကာလအတန်ကြာ ပညာသင်ကြားခွင့် အကန့်အသတ်များနှင့် ကြုံတွေ့ခဲ့ရသည့် ကလေးငယ်များအတွက် ကျောင်းတံခါးများ ပြန်လည်ဖွင့်လှစ် နိုင်ခြင်းသည် ပညာရေး အခွင့်အလမ်းများ ပြန်လည် ရရှိလာစေရန် အရေးပါသည့် ခြေလှမ်း တစ်ရပ် ဖြစ်ပြီး ဒေသ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်တို့၏ အနာဂတ်အတွက်လည်း အဓိပ္ပာယ်ရှိသည့် အောင်မြင်မှု တစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

.

“ ကျွန်တော်တို့ ဒေသက စစ်ကြောင့်လည်း ထိခိုက် ပျက်စီးပြီးသွားပြီ။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ပညာရေးက အရေးကြီးတယ်၊ ဒါကြောင့် လွှတ်တော်မှာလည်း ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ဖို့ မေးမြန်းခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် မျိုးဆက်သစ်လူငယ်တွေ မွေးထုတ်ဖို့အတွက် ဆိုရင် စာသင်ကျောင်းကပဲ မွေးထုတ်ပေးမှ ဖြစ်မှာပါ။ ဒါကြောင့် ပညာရေးကို အဓိက ဦးစားပေး လုပ်ဆောင်တာ ဖြစ်ပါတယ်။” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က ရှင်းပြသည်။

.

အကြောင်း အမျိုးမျိုးကြောင့် ပိတ်ထားခဲ့ရပြီးနောက် ယခုတွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည့် စာသင်ကျောင်းများမှာ အထက(ဆောင်ကြဲ)၊ အထက(ဆင်ကျော)၊ အလကခွဲ (နောင်အန်)အမကလွန် (လွယ်ငူး)၊ အမကလွန် (နားညု)၊ အမကလွန် (ပန်မြိုင်း)၊ အမကလွန် (လင်တီ)၊ အမက(၅)၊ အမက (မြို့ဟောင်း)၊ အမက (ဆွတ်လန်း)၊ အမက (နောင်အိန်)၊ အမက(နမ့်ပျဉ်)၊ အမက (နောင်တုံ)၊ အမက (မန်မိုင်)၊ အမက (ဖာခေး)၊ အမက(ပန်ညု)နှင့် အမက (ပန်မိတ်) ကျောင်းတို့ ဖြစ်ကြောင်း သိရသည်။

.

သီပေါမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် ၂၀၂၄ ခုနှစ်မှ စတင်၍ စာသင်ကျောင်းများ ပိတ်သိမ်းခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် စာသင်နှစ်တွင် ဖွင့်လှစ်ခွင့် ရရှိသော်လည်း ဩဂုတ်လဆန်းပိုင်းတွင် လုံခြုံရေးအရ ကျောင်း ၁၇ ကျောင်းကို ယာယီပိတ်ထားခဲ့ရာမှ ယခုတွင် ပြန်လည် ဖွင့်လှစ်ခွင့် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages