၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အမျိုးသား/အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပသွားခဲ့ပြီး ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသားနဲ့ အမျိုးသမီး နှစ်သင်းစလုံး ဗိုလ်လုပွဲကို တက်ရောက် သွားနိုင်ခဲ့ကြပါတယ်။
.
ဒီပြိုင်ပွဲကို အားကစားဝန်ကြီးဌာန၊ အားကစားနဲ့ ကာယပညာဦးစီးဌာနနဲ့
မြန်မာနိုင်ငံ ဘက်စကက်ဘော အဖွဲ့ချုပ်တို့က ပူးပေါင်းပြီး
ကျင်းပကြတာ ဖြစ်ပါတယ်။
.
ဒီနေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသမီး 5x5 ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ ရှမ်းပြည်နယ် အမျိုးသမီးအသင်းက
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအသင်းကို ၆၃ - ၄၅ မှတ်နဲ့ အနိုင် ရရှိခဲ့ပြိး
အမျိုးသား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ ရှမ်းပြည်နယ်အမျိုးသားအသင်းက ကချင်ပြည်နယ်
အမျိုးသားအသင်းကို ၇၅-၇၀ မှတ်နဲ့ အနိုင် ရရှိသွားခဲ့လို့ နှစ်သင်းစလုံး
ဗိုလ်လုပွဲဆီ တက်ရောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။
.
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင် ရရှိခဲ့တဲ့ ရှမ်းပြည်နယ်ကိုယ်စားပြု အသင်းတွေကို
ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက တစ်သင်းအတွက် ငွေကျပ် ၅ သိန်း စီ ဆု ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။
.
ဗိုလ်လုပွဲစဉ်တွေကို မနက်ဖြန် ဩဂုတ်လ ၉ ရက်မှာ ကစားကြရမှာ ဖြစ်ပြီး
ရှမ်းပြည်နယ် အမျိုးသမီးအသင်းက မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအသင်းနဲ့ မွန်းလွဲ
၂ နာရီမှာ ယှဉ်ပြိုင်ရမှာ ဖြစ်သလို ရှမ်းအမျိုးသားအသင်းကလည်း မန္တလေးတိုင်းဒေသကြီး
အမျိုးသားအသင်းနဲ့ မွန်းလွဲ ၃ နာရီမှာ ယှဉ်ပြိုင်ရမှာမို့ ရှမ်းအသင်းတွေနဲ့
မန္တလေးအသင်းတွေ အားပြိုင်ရမယ့် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။

No comments:
Post a Comment