၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းနဲ့ မြန်မာတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲမှာတော့ ထိုင်းအသင်းက ၂-၀ ဆိုတဲ့ ဂိုးရလာဒ်နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်သွားခဲ့ရသလို မြန်မာအသင်းကတော့ အုပ်စုကနေ ပြုတ်ပြီး အိမ်ပြန်ခဲ့ရပါတယ်။
.
ဒီပွဲမှာ မြန်မာအသင်းရဲ့ ကစားပုံက ထိုင်းကို ကောင်းကောင်း ယှဉ်ကစားနိုင်ခဲ့သလို
မမြင်ရတာ ကြာပြီဖြစ်တဲ့ အင်တိုက်အားတိုက် ကစားပုံနဲ့ စွမ်းဆောင်ရည်ကိုလည်း
မြင်ခဲ့ရတာပါ။ မြန်မာအသင်းမှာ မောင်မောင်လွင် ပွဲပယ်ခံထားရတာကြောင့် ကျော်မင်းဦး၊
ဝေလင်းအောင်၊ မြတ်ကောင်းခန့်အတွဲက ကွင်းလယ်မှာ ကစားသွားပြီး တိုက်စစ်မှာ
သန်းပိုင်၊ ဝင်းနိုင်ထွန်းနဲ့ လွင်မိုးအောင် တို့ ကစားသွားခဲ့တာပါ။
.
ပွဲအစကတည်းက မြန်မာက ထိုင်းအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပြီး
ဘောလုံးပိုင်ဆိုင်မှုမှာတောင် အသာ ရခဲ့တာပါ။ ဒါပေမဲ့လည်း ပွဲချိန် ၁၂ မိနစ်မှာတင်
ဂိုးဧရိယာထဲမှာ ဝင်းနိုင်ထွန်း ဘောလုံးကို လက်နဲ့ ထိခဲ့လို့ မြန်မာအသင်း ပင်နယ်တီ ပေးခဲ့ရပြီး
ထိုင်းက ဦးဆောင်ဂိုး ရသွားခဲ့တာပါ။
.
ဂိုးပေးလိုက်ရပြီးတဲ့ နောက်မှာလည်း မြန်မာကပဲ ထိုင်းထက်
အခွင့်အရေးတွေ ပို ရခဲ့ပြီး ကျော်မင်းဦးက ကွင်းလယ်ကနေ မြန်မာအသင်းကို
မောင်းနှင်နေတာ တွေ့ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ထိုင်းအသင်းကို ကယ်တင်သွားတာကတော့
ကွင်းလယ်ဒိုင် လူကြီးနဲ့ ဂိုးဘားတန်းပဲ ဖြစ်ပြီး ပွဲချိန် ပထမပိုင်းမှာ
လွင်မိုးအောင်ရဲ့ ကန်ချက်၊ ဒုတိယပိုင်းမှာ ဝင်းနိုင်ထွန်းရဲ့ကန်ချက်တွေ ဘားတန်း ထိခဲ့လို့
မြန်မာအသင်း ရလာဒ် ဆိုးသွားခဲ့ရတာပါ။
.
ဒီပွဲမှာ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်တွေကလည်း အရေးပါတဲ့ နေရာကနေ
ပါဝင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၅၃ မိနစ်မှာလည်း စိုးမိုးကျော်ရဲ့ လက်ထိဘောကနေ
ပင်နယ်တီ ပေးလိုက်တာမို့ မြန်မာအသင်းက လက်ထိဘော ၂ ကြိမ်၊ ပင်နယ်တီ ၂လုံး နဲ့
အနောက်ကနေ လိုက် ကစားခဲ့ရတာပါ။
.
ဒုတိယဂိုး ပေးလိုက်ရပြီးချိန်မှာ ခွန်ကျော်ဇင်ဟိန်း၊
ရှိုင်းဝဏ္ဏအောင်၊ ဟိန်းထက်အောင်တို့ ဝင်လာခဲ့ကြပေမယ့် မြန်မာအသင်းရဲ့ တိုက်စစ်က
ဝင်းနိုင်ထွန်း အခွင့်အရေး တချို့ကို ဖြုန်းခဲ့တာမို့ မြန်မာတို့ ချေပဂိုး တစ်ဂိုးတောင်
မရခဲ့ဘဲ ၂-၀ ဆိုတဲ့ ရလာဒ်နဲ့ အရှုံးပေးလိုက်ရတာပါ။
.
ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာ မြန်မာအသင်းကပဲ တောက်လျှောက် ဖိ ကစားသွားခဲ့ပြီး
ထိုင်းက တန်ပြန် တိုက်စစ်နဲ့ ခံစစ်အထိုင်ချ ကစားဖို့ ကြိုးစားခဲ့တာပါ။ မြန်မာအသင်းက
ဘောလုံးပိုင်ဆိုင်မှု အသာ ရခဲ့ပေမယ့် ကွင်းလယ်ကနေ တိုက်စစ်ဆီ ဘောလုံး မဖြန့်နိုင်တာ၊
တောင်ပံတွေကနေ ဖြတ်တင်ဘောတွေ တက် မလာတာ စတဲ့ အားနည်းချက်တွေကြောင့် ဂိုးမရဘဲ
အရှုံးပေးလိုက်ရတာပါ။
.
ဒီပွဲမှာ မြန်မာအသင်း ရှုံးခဲ့တယ်ဆိုပေမဲ့ မြန်မာပရိသတ်တွေအတွက်
စိတ်ကျေနပ်စရာ ကစားပုံ တစ်ခုကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး နည်းပြသစ် လက်ထက်မှာ
ပြောင်းလဲလာတဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းက ကြည့်ရှုသူတွေအတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

No comments:
Post a Comment