.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ
ဖောင်တော်ဦး ဘုရားပွဲတော် ကာလအတွင်း စက်လှေခဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း
ဘုရားဖူး ဧည့်သည်များထံက သိရသည်။
.
.စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုနှင့်အတူ ဝယ်ယူရန်ခက်ခဲမှုကြောင့်
စက်လှေခဈေးနှုန်းမျာ မြင့်တက်လာ နေခြင်းဖြစ်ပြီး ညောင်ရွှေလှေဆိပ်မှ ဖောင်တော်ဦးဘုရားအထိ
စက်လှေခ ယခင်က ၉ သောင်းမှ တစ်သိန်း ကျပ် ဝန်းကျင်သာရှိသော်လည်း
ပွဲတော်ကာလအတွင်း ၂ သိန်းကျပ် ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက် လာခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ပွဲတော်ရက်မတိုင်ခင်က ရိုးရိုးဒီဇယ်ဆီတစ်လီတာကို ၄၇၀၀ ပဲရှိတာ၊
အခု ၅၃၀၀ ကျပ်ဖြစ်သွားပါပြီ။ ပရီမီယံဒီဇယ်ဆိုရင်လည်း ၆၀၀၀ ကျော်နေပါပြီ။
ဆီဈေးတက်လာတော့ စက်လှေမောင်းနှင်စရိတ်တွေလည်း ပိုများလာပါတယ်” ဟု စက်လှေမောင်းနှင်သူတစ်ဦးက
ပြောသည်။
.
စက်လှေခဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ အခြား အထွေထွေကုန်ကျစရိတ်များလည်း
မြင့်တက်လာနေ သည့်အတွက် ဘုရားဖူးဧည့်သည်များအနေဖြင့် ကုန်ကျစရိတ် ယခင်နှစ်ထက် ပိုမိုများပြားကြောင်း
ဘုရားဖူး ဧည့်သည်များက ပြောဆိုကြသည်။
.
“အရင်နှစ်တွေလည်း ဘုရားပွဲကာလဆိုရင် စက်လှေတော့ ဈေးတက်တတ်တာပဲ။
ဒီနှစ်က ဆီဈေးတက်တော့ စက်လှေခလည်း ပိုတက်တာပေါ့။ တခြား ကုန်ကျစရိတ်တွေလည်း အကုန်တက်ကုန်တာပါပဲ”
ဟု ဧည့်သည် တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား လေးဆူ
ဒေသစာရီကြွချီပွဲတော်ကို အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ယနေ့
အောက်တိုဘာ ၁၅ ရက်တွင် ဟဲယာရွာမမှ ငါးဖယ်ချောင်း ကျောင်းသို့ ကြွချီအပူဇော်ခံလျက်ရှိကြောင်း
သိရသည်။
.
အောက်တိုဘာလ ၁၈ ရက်တွင် လင်းကင်းကျောင်းမှ ညောင်ရွှေမြို့
ကျောင်းတော်သို့ ကြွချီအပူဇော်ခံပြီး ညောင်ရွှေ ကျောင်းတော်တွင် ၃ ည ကျိန်းစက်ကာ အောက်တိုဘာ
၂၁ ရက်တွင် ညောင်ရွှေကျောင်းတော်မှ နန်းသဲကျောင်းသို့ ဆက်လက်ကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ညောင်ရွှေမြို့ ကျောင်းတော်တွင် အပူဇော်ခံသည့် ရက်များ၌
ဘုရားပွဲတော် အစည်ကားဆုံးကာလ ဖြစ်ပြီး ဘုရားပွဲနှင့်အတူ အင်းသားရိုးရာ ခြေထောက်ဖြင့်
လှေလှော်သည့် လှေပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment