West Bank မှာ အစ္စရေးရဲ့ အခြေချနေရာသစ်တွေ တည်ဆောက်နေတာရပ်ဖို့ တရုတ် တောင်းဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, October 18, 2026

West Bank မှာ အစ္စရေးရဲ့ အခြေချနေရာသစ်တွေ တည်ဆောက်နေတာရပ်ဖို့ တရုတ် တောင်းဆို

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

.

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစ္စရေးအနေနဲ့ West Bank မှာ အခြေချနေရာတွေကို “အတင်းအကျပ် တည်ဆောက်နေမှု” ရပ်တန့်ပြီး လုပ်ဆောင်ထားတာတွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ သူ့ရုံးက ပြောပါတယ်။

.

.

ကြာသပတေးနေ့က အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပတဲ့ ညီလာခံတစ်ခုအတွင်း အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်နဲ့ တွေ့ဆုံစဉ် ဝမ်ယီက “ပါလက်စတိုင်းအရေးဟာ ဒီရာစုရဲ့ အကြီးမားဆုံး သမိုင်းဝင် မတရားမှု ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

.

တရုတ်နိုင်ငံဟာ ပါလက်စတိုင်းအရေးကို အစဉ်အမြဲ ထောက်ခံလာခဲ့ပြီး နှစ်နိုင်ငံတည်ရှိရေး ဖြေရှင်းချက်ဟာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်လို့ ရပ်တည်ထားပါတယ်။

.

တရုတ်ဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ်လည်း ရပ်တည်ဖို့ ကြိုးစားနေပါတယ်။

.

၂၀၂၃ ခုနှစ်မှာ တရုတ်က နှစ်ပေါင်းများစွာ တင်းမာနေခဲ့တဲ့ အီရန်နဲ့ ဆော်ဒီအာရေဗျကြား သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူညီချက် ရရှိအောင် ကြားဝင်ကူညီပေးခဲ့ပါတယ်။ ဒီနှစ် အစောပိုင်းမှာလည်း ပါကစ္စတန်နဲ့အတူ အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲမှာ အပစ်အခတ် ရပ်စဲဖို့ အဆိုပြုတဲ့ ကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

.

ဂါဇာစစ်ပွဲကို ဖြေရှင်းဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုတွေထဲမှာတော့ ပါလက်စတိုင်းအဖွဲ့တွေကြား စည်းလုံး ညီညွတ်ရေးရရှိအောင် လုပ်ဆောင်တာက အဓိကဖြစ်ပါတယ်။

.

၂၀၂၄ ခုနှစ်မှာ တရုတ်က အစ္စရေးနဲ့ စစ်ပွဲပြီးဆုံးတဲ့နောက် သိမ်းပိုက်ခံ West Bank နဲ့ ဂါဇာအတွက် ယာယီ “အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ” ဖွဲ့စည်းဖို့ ပြိုင်ဘက် ပါလက်စတိုင်းအဖွဲ့တွေ သဘောတူအောင် ကြားဝင်ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသဘောတူညီချက်ကို လက်တွေ့ အကောင်အထည် မဖော်နိုင် ခဲ့ပါဘူး။

.

အခုတော့ ဝမ်ယီက လက်ရှိအချိန်မှာ အရေးအကြီးဆုံးက ဂါဇာထဲကို လူသားချင်းစာနာမှု အကူအညီတွေ အပြည့်အဝ ဝင်ရောက်ခွင့်ပြုဖို့နဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ရပ်တန့်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

.

တရုတ်နိုင်ငံအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး သက်ဆိုင်တဲ့ အဖွဲ့တွေကို ဆွေးနွေးမှုတွေ ပြန်လည်လုပ်ဆောင်လာအောင်နဲ့ ပဋိပက္ခအတွက် နိုင်ငံရေးအရ ဖြေရှင်းချက် ရှာဖွေလာအောင် ကူညီသွားဖို့ အသင့်ရှိတယ်လို့ ဝမ်ယီက ပြောပါတယ်။

.

အစ္စရေးသမ္မတ ဟာဇော့ဂ်ကလည်း အက်စ်ပေါ်မှာ ဝမ်ယီနဲ့ တွေ့ဆုံခဲ့တာကို ဝမ်းသာတယ်လို့ ရေးသားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ အရှေ့အလယ်ပိုင်းအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

.

သူက အစ္စရေးအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ပြောခဲ့သလို အစ္စရေးရဲ့ လုံခြုံရေးအတွက် အဓိကခြိမ်းခြောက်မှုတွေဖြစ်တဲ့ အီရန်နဲ့ အီရန်ရဲ့ လက်အောက်ခံ အကြမ်းဖက် အဖွဲ့တွေကိုလည်း အလေး ထားပြောဆိုခဲ့ပါတယ်။

.

တရုတ်နိုင်ငံဟာ အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး အီရန်ရေနံကို အများဆုံးဝယ်ယူတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကြောင့် အမေရိကန်က အရင်က အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားခဲ့ပါတယ်။

.

တရုတ်နိုင်ငံဟာ တိဘက်နဲ့ ရှင်ကျန်းဒေသတွေမှာ ဟန်တရုတ်လူမျိုးတွေ ပြောင်းရွှေ့နေထိုင်လာအောင် အားပေးပြီး အဲဒီဒေသတွေရဲ့ လူနည်းစုလူဦးရေတွေကို လျော့နည်းသွားအောင် လုပ်ဆောင်နေတယ် ဆိုပြီး စွပ်စွဲခံထားရပါတယ်။ တရုတ်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့ရဲ့ မူဝါဒတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုရေးတည်ငြိမ်မှုအတွက် ဖြစ်တယ်လို့ ပြောပါတယ်။

.

အပစ်အခတ်ရပ်စဲပြီး တစ်နှစ်ကြာလာတဲ့အချိန်မှာတောင် ဂါဇာက ပြည်သူတွေဟာ အစ္စရေးရဲ့ တိုက်ခိုက်မှု တွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ အစားအစာလုံလောက်မှု ပြဿနာတွေကို ပုံမှန်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

.

အကြီးစား ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်သွားပေမဲ့ အစ္စရေးဟာ ဂါဇာကို နေ့စဉ်နီးပါး ဆက်လက် တိုက်ခိုက် နေပါတယ်။ အောက်တိုဘာ ၂၀၂၅ ခုနှစ်မှာ အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ပြီးနောက် တစ်နှစ်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး ၁,၄၀၀ ကျော် သေဆုံးခဲ့ တယ်လို့ ဟားမတ်စ်အဖွဲ့က ထိန်းချုပ် ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီကိန်းဂဏန်းတွေကိုလည်း ကုလသမဂ္ဂက ယုံကြည်ရတဲ့ အချက်အလက်တွေအဖြစ် သတ်မှတ်ထားပါတယ်။

.

အမေရိကန်က ကြားဝင်ကူညီပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီ ချက်ရဲ့ ပထမအဆင့်ဖြစ်ပါတယ်။ အဲဒီစစ်ပွဲဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့ ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်ခဲ့တာကြောင့် စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

.

Ref – BBC

.

No comments:

Post a Comment

Pages