.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့တွင်
ဧပြီလ ၂၀ ရက်က ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဧပြီလ ၂၀ ရက်က လွိုင်လင်မြို့ရှိ နေမင်းအောင် တိုးလ်ဂိတ်တွင် စစ်ဆေးရေး
ဆောင်ရွက်နေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးဘက်သို့ ယာဉ်မောင်း ဖြိုးဝေထွန်း
မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခန့်ကျော်ထက် လိုက်ပါလာသည့် နစ်ဆန်းဒီဇယ် ၁၂ ဘီး
ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် အဝါရောင်ပြောင်းအိတ်များဖြင့်
ဖုံးအုပ် သယ်ဆောင် လာသည့် ဆာလာအိတ် ၄၈ အိတ်အတွင်းမှ အိုက်စ်အဖြူရောင်
ပုံဆောင်ခဲ ၁၂၀၀ ကီလိုဂရမ်ခန့်၊ ခန့်မှန်း
တန်ဖိုး ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူ ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မိုင်းလားမှ ချောင်းဦးမြို့သို့
ပြန်လာစဉ် ကုန်မပါသည့်အတွက် နမ့်စန်မြို့၊ အမှတ် (၉) ကျေးရွာရှိ ပြည့်ဖြိုးကျော် ပြောင်းပွဲရုံနှင့်
ချိတ်ဆက်မိပြီး ပွဲရုံပိုင်ရှင်က ကြက်စာအိတ် ၄၈ အိတ်နှင့် ပြောင်းအိတ် ၂၅၀ တို့ကို
တင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့ကြောင့် ပူးပေါင်းအဖွဲ့က နမ့်စန်မြို့ရှိ ပြည့်ဖြိုးကျော်ပွဲရုံပိုင်ရှင်
ဝင်းဇော်ညွန်နှင့် ခင်ဝင်းဆွေတို့ကို သွားရောက်ဖမ်းဆီး စစ်ဆေးရာ ပြီးခဲ့သည့် ဧပြီ
၁၄ ရက်တွင် ပွဲရုံသို့ AD Van အမျိုးအစားမော်တော်ယာဉ်ဖြင့်
အမျိုးသား ၅ ဦးရောက်ရှိလာပြီး ပြောင်း ၂၅၀ အိတ် ဝယ်ယူခဲ့ကြောင်း၊ ဧပြီ ၁၉ ရက်တွင်
လင်းလင်းဆိုသူက အဆိုပါ ပြောင်းစာအိတ်များနှင့် အတူ ကြက်စာအိတ် ၄၈ အိတ်ကိုပါ
တင်ဆောင်မည်ဟု ဖုန်းဆက်ကာ လာရောက် ပို့ဆောင်ခဲ့ကြောင်းနှင့် ဧပြီ ၂၀ ရက်တွင် ယခု
ဖမ်းဆီးရမိသည့် မော်တော်ယာဉ် ရောက်ရှိလာပြီး ကုန်များ
တင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ
ဖမ်းဆီးရမိသူများ၊ ဖမ်းဆီးရမိ မော်တော်ယာဉ်တို့ကို သက်ဆိုင်ရာ ဌာနများသို့
လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်း များနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
.


No comments:
Post a Comment