.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်
.
တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းပေါ်ရှိ နာရီစင်ညဈေးတန်းကို
မြို့မဈေးကြီးမြောက်ဘက်၊ ကုန်သည်လမ်း ပေါ်သို့ ပြောင်းရွှေ့နေရာချထားရန် စီစဉ်နေသော်လည်း
အဆိုပါ နေရာသည် ဈေးသည်များအတွက် အဆင်မပြေဖြစ်ပေါ်နိုင်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
.
.မြို့မဈေးကြီးမြောက်ဘက်ရှိ ကုန်သည်လမ်းတွင် ယခင်ရှိနှင့်ပြီး
ဈေးသည်များနှင့် အိမ်ခန်း၊ ဆိုင်ခန်း ပိုင်ရှင်များ ရှိနေသည့်အတွက် နာရီစင်ညဈေးဘက်မှ
ရွေ့ပြောင်းရမည့် ဈေးသည်များအနေဖြင့် ပုံမှန် အနေအထားဖြင့် ဈေးရောင်းချရန် မလွယ်ကူနိုင်သေးကြောင်း
ပြောဆိုကြသည်။
.
“ဈေးမြောက်ဘက်မှာက အရင်ဈေးသည်တွေ၊ ရှုမဝ
ဘက်အခြမ်းမှာဆိုရင် အိမ်ပိုင်ရှင်တွေရှိတယ်။ ကျွန်တော်တို့ နာရီစင်ဘက်က ပြောင်းရမယ့် ဈေးသည်တွေအတွက်က
အထိုင်ကျဖို့မလွယ်ဘူး” ဟု နာရီစင်ညဈေးမှ ဈေးသည်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဧပြီလလဆန်းပိုင်းခန့်ကစ တင်၍ ကုန်သည်လမ်းပေါ်တွင်
ညဈေးတန်းရောင်းချမည့် ဈေးသည်များ အတွက် ဆိုင်ခန်းနေရာများ စတင်ဆောက်လုပ်နေပြီး နာရီစင်ညဈေးမှ
ရွေ့ပြောင်းရမည့် ဈေးသည်အားလုံး အတွက်လည်း ဆိုင်ခန်းနေရာ အစားထိုး ပြန်လည်ရရှိရန် မသေချာကြောင်း
ဈေးသည်များက ပြောဆိုကြသည်။
.
“ပြောင်းဖို့ လက်မှတ်ထိုးရမယ်ဆိုလို့ ထိုးရတဲ့သဘောပါပဲ။
နာရီစင်ညဈေးတန်းက ဈေးသည် အားလုံး နေရာအစားပြန်ရဖို့ ဘာအာမခံချက်မှ မရှိပါဘူး။ ပိုင်ရာဆိုင်ရာတွေ
အတွက်လောက်ပဲ ရမယ့်သဘောပေါ့” ဟု အခြားဈေးသည်တစ်ဦးကလည်း ပြောသည်။
.
အဆိုပါ ကုန်သည်လမ်းသည် မြို့မဈေးဝင်ပေါက် အဓိကလမ်းဖြစ်ပြီး
ကုန်တင်ကုန်ချ ကားများ၊ ဈေးသည်၊ ဈေးဝယ်များ၏ ကားများဖြင့် အမြဲပြည့်ကြပ်နေတတ်သည့်အတွက်
ယခုကဲ့သို့ ညဈေးတန်းဆိုင်ခန်း ထပ်မံ ဆောက်လုပ်ခြင်းကြောင့် လမ်းပိတ်ဆို့မှုကို ပိုမိုဖြစ်ပေါ်စေမည်ဟု
ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
.
ယခင် တောင်ကြီးမြို့မဈေးအရှေ့ရှိ City Square
အဆောက်အအုံ ဆောက်လုပ်စဉ်ကလည်း ယင်းနေရာတွင် ဈေးသည်များအား ယာယီဈေးပြုလုပ်ပေးခဲ့ဖူးပြီး
လမ်းပိတ်ဆို့မှု အမြဲဖြစ်ပေါ်ခဲ့ဖူးသည်။
.
ထို့အပြင် ယင်းနေရာတွင် ညဈေးတန်း ဆောက်လုပ်လိုက်ခြင်းကြောင့်
မြို့မဈေးအတွင်း မီးရေးထင်းရေး အပါအဝင် အရေးပေါ်အခြေအနေ တစ်ခုခု ပေါ်ပေါက်လာပါက အဝင်အထွက်လမ်း
ပိတ်ဆို့ပြီး အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
.


No comments:
Post a Comment