.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်
.
တောင်ကြီးမြို့၊ အရှေ့ဘက်တောင်တန်းပေါ်တွင် သစ်ပင်ချစ်သူများအဖွဲ့-တောင်ကြီးက
သစ်ပင်မျိုးစေ့ (Seed Ball) များကို ကြဲဖြန့်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.အဆိုပါ မျိုးစေ့ ကြဲဖြန့်မည့် အစီအစဉ်ကို မေလကုန်
မိုးစတင်ရွာသွန်းပြီးချိန်တွင် စတင်လုပ်ဆောင်သွားရန် ရည်ရွယ်ထားပြီး မြို့ခံများ၏ စုပေါင်းအားဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းအစီအစဉ်တွင် ဒေသခံများအားလုံး ပါဝင်နိုင်ရန်အတွက်
နှင်းသီး၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ချယ်ရီ၊ ငုဝါ၊ ငုဆက်၊ ပင်စိမ်း၊ ရေသင်းဝင် အပါအဝင်
အခြားသစ်ပင်မျိုးစေ့များကို စုဆောင်းထားရန် သစ်ပင်ချစ်သူများ အဖွဲ့က တိုက်တွန်းထားပြီး
မေလ မကုန်မီ လာရောက်ယူဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
.
“ဖြစ်နိုင်မယ်ဆိုရင်တော့ တွင်းတူးပြီးစိုက်တာကတော့
အပင်ကို ရှင်နိုင်ခြေ ပိုများတာပေါ့။ ဒါပေမဲ့ ဒီနေရာက တောင်စောင်းလည်း ဖြစ်နေတော့ တူးဖို့ရာ
အဆင်မပြေဘူး။ ဒါကြောင့် မျိုးစေ့ကြဲဖို့ပဲ လုပ်လိုက်တာပါ။ အရင်တုန်းက ရွှေမုဋ္ဌော အောက်ဘက်မှာ
ကြဲခဲ့တုန်းကလည်း တော်တော်လေး အပင်ပေါက်ခဲ့ပါတယ်။ ၆၀ ရာခိုင်နှုန်းလောက်အထိ အပင်ပေါက်တာ
တွေ့ရပါတယ်” ဟု သစ်ပင်ချစ်သူများအဖွဲ့-တောင်ကြီးမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
တောင်ကြီးမြို့၊ အရှေ့ဘက်တောင်တန်း၏ မြောက်ဘက်ခြမ်း
နေရာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ၂ ရက် ဆက်တိုက် တောမီးလောင်ကျွမ်းခဲ့မှုကြောင့် အပင်ရှင်သန်မှု
၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည့်အတွက် ယင်းနေရာကို ရွေးချယ်ကာ Seed
Ball များ ကြဲချရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
.
“တောကိုလည်း ထိန်းနိုင်မယ်၊ မီးလည်း မလောင်ဘူးဆိုရင်တော့
၃ နှစ်အတွင်းမှာ တောတစ်ခုက ပြန်ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
သစ်ပင်ချစ်သူများအဖွဲ့-တောင်ကြီးအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက
သစ်ပင်စိုက်ပျိုးရေး၊ မြေအောက်ရေ ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများတွင်
အခြားသော အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး
တောင်ကြီးမြို့ပေါ် အပြင် အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများတွင် လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment