တောင်ကြီးတွင် သင်္ကြန်ကာလအပြီး လျှပ်စစ်မီး ပြတ်တောက်မှု ပိုမို ဆိုးရွားလာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, April 22, 2026

တောင်ကြီးတွင် သင်္ကြန်ကာလအပြီး လျှပ်စစ်မီး ပြတ်တောက်မှု ပိုမို ဆိုးရွားလာ


မဟာသင်္ကြန် နှစ်သစ်ကူးပွဲတော်ကာလ အပြီးတွင် မြို့တော် တောင်ကြီး၌ လျှပ်စစ်မီး ပြတ်တောက်မှု ပိုမို ဆိုးရွားလာနေကြောင်း သိရသည်။

.

ပြီးခဲ့သည့် မတ်လ ၁၈ ရက်မှ စတင်၍ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နွေရာသီ အလှည့်ကျ မီးပေးစနစ် ပြောင်းလဲကျင့်သုံးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာထားခဲ့ခြင်း ဖြစ်ပြီး သင်္ကြန်ပွဲတော် ကာလအထိ လျှပ်စစ်မီး ပြတ်တောက်ချိန် နည်းပါးခဲ့သော်လည်း ယခုအခါတွင်မူ လျှပ်စစ်မီး ပြတ်တောက်မှုမှာ ဆိုးရွာလာခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

.

သင်္ကြန်ကာလ အထိက အဆင်ပြေသေးတယ်။ သင်္ကြန်ပြီး လုပ်ငန်းတွေ ပြန်စမယ်လည်း ကြံရော တောက်လျှောက်ကို ပြတ်နေတော့တာပဲ။ တစ်ခါလာရင် မီးက ၃ နာရီလောက်ပဲ ရတယ်။ အဲဒါကလည်း ညပိုင်းလူအိပ်ချိန် ဆိုတော့ နေ့လယ်ပိုင်း တစ်နေ့လုံးမှ အလုပ်လုပ်ချိန် ၃ နာရီလောက်ပဲ ရတယ်” ဟု တောင်ကြီးမြို့တွင် အသေးစား မိတ္တူဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ လျှပ်စစ်မီး အချိန်ပိုင်း ဖြန့်ဝေသည့် အစီအစဉ်တွင် သက်ဆိုင်ရာ ဌာနများက မီးပေးချိန်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးခြင်း မရှိသည့်အပြင် ၄ နာရီပေး၊ ၄ နာရီဖြတ် စနစ် ဆိုသော်လည်း မီးလာချိန်မှာ ၃ နာရီဝန်းကျင်သာ ရပြီး မီးပြတ်ချိန်က ပို ကြာတတ်ကြောင်း သိရသည်။

.

ည လူအိပ်တဲ့ အချိန်မှ မီးက လာတယ်။ နေ့လယ်ပိုင်း ဆိုရင်လည်း ခဏပဲရတော့ ထမင်းဟင်း ချက်ရင်လည်း မကျက်တော့ဘူး။ ပူက ပူနဲ့ မီးသွေးမီး ပြောင်းသုံးရတော့မယ်။ မီးသာ မလာတာ မီတာခကြတော့ ပိုတောင် တိုးလာနေသေးတယ်။” ဟု တောင်ကြီးမြို့ပေါ်နေ အိမ်ရှင်မ တစ်ဦးကလည်း ဆိုသည်။

.

တောင်ကြီးမြို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းရှိ မြို့နယ်အများစုတွင် ယင်းကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုကို ဆိုးရွားစွာ ကြုံတွေ့နေရခြင်း ဖြစ်ပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲလာမှု အပြင်၊ စားသောက်ရေးနှင့် သုံးရေအတွက်ပင် အခက်အခဲ ရှိလာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

No comments:

Post a Comment

Pages