မြို့မဈေးကြီး
တောင်ဘက်က နာရီစင်ကြီး စတည်တော့ အသက်အရွယ်က ၁၈ နှစ် ပြည့်ဖို့ ၂ နှစ် မတ် တင်းလောက် လိုသေးတယ်။ သိုးဆောင်းသက္ကရာဇ်
၁၉၉၄ ပတ်လည်ပေါ့။ အဲဒီအချိန်ကာလက မြင့်မြင့်မားမားဆိုတာ မြို့အရှေ့ဘက်က တောင်ချွန်းကြီးပဲ
မြင်ဖူးခဲ့တာမျိုး။ မြို့လယ်ခေါင်မှာ ထိုးထိုးထောင်ထောင်နဲ့ နာရီစင်ကြီး ပေါ်လာတော့
အထူးအဆန်း လုပ်ပြီး ငေးကြည့်ခဲ့ရတာ တမေ့တမော။
.
နာရီစင်ကြီးကို
ကြည့်ပြီး လူကြီးသူမ တချို့က ပြောကြတယ်။ နာပြီးရင် ရီ ရဖို့အတွက် နာရီစင်ကြီးကို
ဆောက်တာ ဖြစ်မှာပေါ့တဲ့။ အဲဒီကိစ္စရပ်တွေမှာ ဉာဏ်မမီလို့ နာ ပြီးရင် ရီရမယ့် အကြောင်းတွေထက်
အလုပ်မရှိ အလုပ်ရှာပြီး နာရီစင်ကြီးကို သွား သွားကြည့်ရတာ အမော။
.
အဲဒီ
နာ ပြီးရင် ရီ ရမယ့် နာရီစင်ကြီးနဲ့အတူ တွဲဖက် ပေါက်ဖွားလာတာက ညဈေးတန်း။ ဘုံဆိုင်တံခါးမှာ
အချိန်ကုန်သွားကြရတဲ့ လူငယ်လူကြီးတွေ အတွက် ညဈေးဆိုတဲ့ ဈေးတန်းလေးက နေရာအသစ်
စားကျက်အသစ် ဖြစ်လာခဲ့တာပေါ့။ အဲဒီနေရာလေးက ညဈေးဆိုတဲ့ အမည်နာမအတိုင်း ညနေ
စောင်းကာနီးလေးမှာ အသက်၀င်တယ်။ ညကြီး မိုး စုန်းစုန်းချုပ်မှ ပတ်စာခွာ ဖျာသိမ်းကြတယ်။
.
ညဈေးတန်းလေးထဲမှာ
စားတဲ့ဆိုင် အစုံ ရှိတယ်၊
သောက်တဲ့ဆိုင်လေးတွေ ရှိတတ်တယ်။ ဒေသထွက်ကုန်လေးတွေ ရတယ်။ ရိုးရာအ၀တ်အထည်လေးတွေ
ဆန်းပြားတယ်။ လန်ဒန်ကို ရောက်နိုင်သလို ဘန်ကောက်ကို သွားလို့ရတယ်။ မြန်မာအငွေ့အသက်တွေ
ခြုံလွှမ်းသလို အိန္ဒိယစတိုင်လ်တွေလည်း ရှိတယ်။ ပေါက်ဖော်တို့
လက်ရာတို့ ရှိသလို ဗမာပြည်က အညှာဆန်ဆန်လေးတွေလည်း ရှိတယ်။
.
အရှေ့ဘက်
ဗိုလ်ချုပ်အောင်ဆန်း လမ်းထိပ်ကနေ အနောက်ဘက်နာရီစင် အထိ လျှောက်ရင် အလယ်
နားလောက်မှာ ပြန်ကာလှန်ကာ ကြော်တဲ့ ပုံမှန်ဆိုင်ကို တွေ့ရတတ်တယ်။ အင်းလေးဒေသကို ဖော်ကျူးတဲ့
ဒေါ်သန်းကြည်ဆိုင်က နာရီစင်ကြီးနဲ့ မနီးမဝေး။ ငယ်ငယ်တုန်းက ချစ်စနိုးနဲ့ ခေါကြီးလို့
ခေါ်တဲ့ ကျော်ဆန်းမေတ္တာကတော့ တီးတစ်ကြောင်းဆွဲ ရင်း ညဈေးရဲ့ အရပ်လူကြီးဆိုလား။
.
နာရီစင်ကြီးကို
အစွဲပြုပြီး အဲဒီညဈေးတန်းလေးကို နာရီစင်ညဈေးလို့ အမည်နာမ ပြုထားကြတယ်။
သက္ကရာဇ်အားဖြင့် ချိန်ဆ ကြည့်နှစ်ပေါင်း ၃၀ ကျော်။ တောင်ကြီးမြို့ပေါ် မွေးဖွား ကြီးပြင်းလာတဲ့သူတွေ
အတွက်တော့ အထင်ကရ နေရာလေး တစ်ခုလို့ ဆိုနိုင်တာပေါ့။ မြို့မဈေးကြီးနား ရောက်နေရင်
နာရီစင်နားမှာ ရှိတယ်ဆိုပြီး အချိန်းအချက် ပြုလုပ်ကြတဲ့ နေရာ။ ညနေကစောင်း၊ လေသံပြောင်းလို့ နေအေးကညို၊ လေကပြိုရင် နာရီစင်ညဈေးကို
တခုတ်တရ အသိအမှတ် ပြုတတ်ကြတယ်။
.
အနီးပတ်လည်
ကျေးရွာတွေက ရပ်သူရွာသားများ မြို့တော်တောင်ကြီး အလည်တစ်ခေါက် ရောက်လာရင် နာရီစင်ကြီးကို
မော့ကြည့်ပြီး နာရီစင်ညဈေးတန်းထဲမှာ ပျော်ကြပါးကြ စားကြသောက်ကြ။ ကိုယ့်ဒေသ ထွက်ကုန်ပစ္စည်းကိုတောင်
နာရီစင်ညဈေးက ဆိုပြီး အထိမ်းအမှတ် အနေနဲ့ ပြန်၀ယ်တတ်ကြတာမျိုး။
.
ခရီးသွားရာသီ
ဧည့်သည်အ၀င်များတဲ့ ကာလဆိုရင် နာ ပြီးရင် ရီ ရတဲ့ နာရီစင်ညဈေးတန်းက အပြုံးပန်းတွေ ဝေလို့ပေါ့။
ဈေးနှုန်းသင့် ဒေသထွက်ကုန် ရောင်းတဲ့ဆိုင်တွေ ကြိတ်ကြိတ်တိုး။ တန်ဖိုးသင့် စားသောက်ဖွယ်ရောင်းတဲ့
ဆိုင်တွေ နေရာလွတ် ရှာ မရ။ တောင်တန်းနဲ့ ပြည်မ နာရီစင်ညဈေးမှာ ငြိမ်းချမ်းမှုတွေ ဝေစည်နေလိုက်ကြတာ။
.
“ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီလေ။ မိဘတွေ လက်ထက်တည်းက ဒီနေရာလေးမှာပဲ ဈေးရောင်းလာခဲ့တာ။ အခုလို ကြားလိုက်ရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ပါဘူး။ နေရာအသစ်ဆိုတာ အာမခံချက်မှ မရှိတာ။ သေချာတာကတော့ လက်ရှိ ရောင်းချနေတဲ့ ညဈေးသည်တွေ အကုန် ပျက်စီးချင်း ဆိုက်သွားတဲ့ သဘောပါပဲ။” တဲ့။နာ ပြီး ရင် ရီရမယ်ဆိုတဲ့ နာရီစင်ညဈေးတန်းက ဈေးသည်တွေရဲ့ အသံ။ အဖြစ်အပျက်က နာရီရဲ့ ကက်ကင်း မိချိန် ရောက်လာသလား မပြောတတ်။ နှစ်ပေါင်းများစွာ ဈေးရောင်းလာတဲ့ နေရာလေးကနေ အပြောင်းအလဲ ပြုလုပ်ပေးကြရတော့မယ်။ ပိုင်ဆိုင်မှုဆိုတာ ခိုင်မာမှု မဟုတ်ခဲ့လေတော့ ရွေးချယ်ပိုင်ခွင့်ဆိုတာလည်း မရှိခဲ့။
ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း တချို့နဲ့
နာပြီးရင် ရီရတယ်ဆိုတဲ့ နာရီစင်ညဈေးတန်းရဲ့
နိဂုံးက မကြာခင် ရောက်လာတော့မလား။ အစားထိုးခြင်းတွေ ပြင်းထန်ရင် အထိမ်းအမှတ်ဆိုတာ နေရာ
ဖယ်ပေးရတဲ့ နိယာမ တစ်ခုလား။ မြင့်မြင့်မားမား ထိုးထိုးထောင်ထောင်
နာရီစင်နဲ့ စင်ပြိုင်ပေါက်ဖွား ကြီးပြင်းလာတဲ့ နာရီစင် ညဈေးတန်းရဲ့ နေ၀င်ချိန်ရောက်တော့မလား။
လာရာလမ်း ရှိရင် အပြန်လမ်း ရှိရမယ်ဆိုတဲ့ သီအိုရီက လှောင်ပြောင်ခြင်း ပြုလေသလား။ နာ
ပြီးရင် ရီ ရတယ်ဆိုတဲ့ နာရီစင်ကြီးကတော့။ ။
.
အောင်ဆန်းဝင်း
.
#KBZTai #Shan #Article




No comments:
Post a Comment