ပင်းတယမြို့နယ်တွင် ကျောင်းဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးအား ဓားဖြင့်ထိုးရာ တစ်ဦးသေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 20, 2026

ပင်းတယမြို့နယ်တွင် ကျောင်းဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးအား ဓားဖြင့်ထိုးရာ တစ်ဦးသေဆုံး

.

၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာတွင် ယမန်နေ့ မေလ ၁၉ ရက်၊ ညပိုင်းက မူလတန်းပြ ကျောင်းဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးအား ဓားဖြင့်ထိုးရာ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာရှိ ဒေါ်မြကြည်၏ နေအိမ်တွင် ယမန်နေ့ည ၇ နာရီခန့်က အော်သံကြား၍ တစ်ခြံဝင်းထဲနေသူ ဦးသောင်းကြွယ်မှ သွားရောက်ကြည့်ရှုရာ ၎င်း၏ သမီးဖြစ်သူ မမီးအို (ခ) မစန်းစန်းအေး နှင့် အစ်မ ဖြစ်သူ ဒေါ်မြကြည်တို့တွင် ဓားဒဏ်ရာများဖြင့် အသီးသီး လဲကျနေသည်ကို တွေ့ရှိရပြီး နေအိမ် အတွင်း တစ်ရွာတည်းနေ ကျားကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာ အမကကျောင်းမှ မူလတန်းပြ ကျောင်းဆရာမ  မနုနုထွေး ဆိုသူအား ဓားဦးချွန်တစ်လက် ကိုင်ဆောင်လျက် တွေ့ရှိသဖြင့် ဦးသောင်းကြွယ် က ဓားအား ဝင်ရောက်လုယူကာ ဒဏ်ရာရရှိသူ မစန်းစန်းအေးနှင့် ဒေါ်မြကြည်တို့အား မြင်းမူကျေးရွာရှိ ပရဟိယာဉ်ဖြင့် ပင်းတယပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဓားထိုးမှုကြောင့် မမီးအို (ခ) မစန်းစန်းအေးတွင် ယာဘက် ရင်ဘတ် အောက်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာရင်ညွန့်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာပေါင်ရင်း ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ယာပေါင် အလယ် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ပြီး ဒေါ်မြကြည်တွင် ဝဲဘက်ဝမ်းဗိုက်အောက်ခြေ ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့ကာ မမီးအို (ခ) မစန်းစန်းအေးမှာ ဆေးကုသမှု ခံယူနေစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြစ်မှုကျူးလွန်သူ ​မူလတန်းပြ ကျောင်းဆရာမဖြစ်သူနုနုထွေးသည် အွန်လိုင်းလောင်းကစားဂိမ်း အလွန်အကျွံ ကစားသူဖြစ်ပြီး ငွေကြေးလိုအပ်ချက်အရ ဒေါ်မြကြည်၏ နေအိမ်တွင် အမျိုးသမီးများသာ နေထိုင်သည် ကိုအခွင့်ကောင်းယူ၍ ပစ္စည်းများ ရယူရန် လာရောက်စဉ် ဒေါ်မြကြည်နှင့် မမီးအို (ခ) မစန်းစန်းအေးတို့ ခုခံသဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

.

သို့ဖြစ်၍ ဒေါ်မြကြည်၏ နေအိမ်အတွင်း ဝင်ရောက်ပြီး တစ်ပါးသူများအား နာကျင်ဒဏ်ရာရရှိ၊ သေဆုံးအောင် ပြုလုပ်ခဲ့သူ နုနုထွေးအား ပင်းတယမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၅၈/၃၂၆ ဖြင့် အမှုဖွင့်လှစ်ပြီး ပင်းတယမြို့မရဲစခန်း အချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

.

❏ သတင်း ဖြည့်စွက်ချက်
.
ဒေါ်မြကြည်သည်လည်း ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်အတွင်း ရရှိသော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသဖြင့် မူလ ဖော်ပြထားသော “ပင်းတယမြို့နယ်တွင် ကျောင်းဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးအား ဓားဖြင့်ထိုးရာ တစ်ဦးသေဆုံး” အစား “ပင်းတယမြို့နယ်တွင် ကျောင်းဆရာမတစ်ဦးက ဓါးဖြင့် ထိုး၍ အမျိုးသမီး ၂ ဦး သေဆုံး” ဟု ဖြည့်စွက် ဖတ်ရှုနိုင်ပါရန်။
.
အယ်ဒီတာ

No comments:

Post a Comment

Pages