ဘရာဇီးရွေးကောက်ပွဲမှာ ဝင် မရှုပ်ဖို့ ထရမ့်ကို ဘရာဇီးသမ္မတ သတိပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 18, 2026

ဘရာဇီးရွေးကောက်ပွဲမှာ ဝင် မရှုပ်ဖို့ ထရမ့်ကို ဘရာဇီးသမ္မတ သတိပေး



၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်
.
ဘရာဇီးသမ္မတ လူကာ ဒါဆေးလ်ဗားက အမေရိကန်ပြည်ထောင်စု အနေနဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်မှု မပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။ လက်ရှိသမ္မတ လူကာ က နိုင်ငံတွင်းမှာ ဖလာဗီယို ဘိုဆိုနာရို နဲ့ အပြိုင် ရွေးကောက်ခံရဖို့ ရှိနေပြီး ရွေးကောက်ပွဲကို အောက်တိုဘာမှာ ကျင်းပမှာ ဖြစ်ပါတယ်။
.
ဒီ သတိပေးမှုက လူကာနဲ့ ထရမ့်တို့ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တာပါ။ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ လူကာ က ထရမ့်အနေနဲ့ သူနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့တဲ့ သမ္မတဟောင်း ဘိုဆိုနာရို မိသားစုကို သမ္မတရာထူး ရစေချင်နေကြောင်းနဲ့ ရွေးကောက်ပွဲအပေါ် ဝင်ရောက် စွက်ဖက်မှုတွေ ရှိလာနိုင်တဲ့အကြောင်း ပြောဆိုလိုက်တာပါ။

.
ဘရာဇီး ရွေးကောက်ပွဲထဲမှာတော့ ဝင် မစွက်ဖက်ပါနဲ့။ ဘာလို့လဲဆိုတော့ ဘရာဇီးရွေးကောက်ပွဲက ဘရာဇီးနိုင်ငံရဲ့ ကိစ္စ ဖြစ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲကလည်း သူတို့ ကိစ္စပါ။ ကျွန်တော့်ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော် အမေရိကန်အပေါ် ထားတဲ့ လေးစားမှုမျိုးကိုပဲ သူတို့ဆီက ပြန်ရဖို့ မျှော်လင့်ပါတယ်” လို့ လူကာ က ပြောခဲ့တာပါ။
.
လူကာ အနေနဲ့ လာမယ့် အောက်တိုဘာ ရွေးကောက်ပွဲမှာ အနိုင် ရခဲ့မယ်ဆိုရင် သူ့ရဲ့စတုတ္တမြောက် သမ္မတ သက်တမ်းကို တာဝန် ယူရမှာပါ။ လူကာ က ၂၀၀၃ ကနေ ၂၀၁၁ အထိ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ တတိယ သက်တမ်းအတွက် ပြန်လည် ရွေးကောက်ခံခဲ့ရတာပါ။
.
ဒီရွေးကောက်ပွဲမှာ လူကာရဲ့အဓိက ပြိုင်ဖက်က ဘိုဆိုနာရို မိသားစုဝင်တစ်ဦး ဖြစ်တဲ့ ဖလာဗီယို ဘိုဆိုနာရို ဖြစ်လာခဲ့ပြီး ဖလာဗီယို က ဘရာဇီးရဲ့ လစ်ဘရယ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် အမတ်လည်း ဖြစ်တာပါ။

.
ဒေါ်နယ်ထရမ့်အနေနဲ့ သူ့ရဲ့ဒုတိယမြောက်သမ္မတ သက်တမ်းမှာ လစ်ဘရယ်ပါတီ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရစေဖို့ ကူညီပေးမှုတွေ ရှိနေပြီး လက်တင်အမေရိကနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေအပေါ် ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့လည်း စွပ်စွဲချက်တွေ ရှိနေတာပါ။
.
၂၀၂၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားနိုင်ငံ ရွေးကောက်ပွဲမှာလည်း ထရမ့်က စီးပွားရေးအကူအညီတွေ ရပ်ဆိုင်းနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပြီး နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲမှာလည်း သူ ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်း အနိုင် မရဘူးဆိုရင် ဟွန်ဒူးရပ်စ်ကို ပေးနေတဲ့ အကူအညီတွေ ရပ်နားနိုင်တဲ့အကြောင်း သတိပေးခဲ့ဖူးတာတွေ ရှိနေခဲ့တာပါ။
.
ပြီးခဲ့တဲ့နှစ်ကလည်း ဘရာဇီးသမ္မတဟောင်း ဂျယား ဘိုဆိုနာရို ကို အာဏာသိမ်းရန် ကြံစည်မှုနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့တဲ့အပေါ် ထရမ့်က အပြင်းအထန် ဝေဖန်ခဲ့ပြီး ဘရာဇီးကုန်စည်တွေအပေါ် အခွန် တိုးမြင့်ခြင်းနဲ့ ဘရာဇီး တရားရေး ဝန်ထမ်းတွေအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ဖူးပါသေးတယ်။

.
Source – BBC
.

#KBZTai #Shan #International #Brazil #USA

No comments:

Post a Comment

Pages