NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမှုကို SSPP ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 18, 2026

NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမှုကို SSPP ထုတ်ပြန်


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

.
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံ ရာတွင် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားရန် အချက် အပါအဝင် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) က ယမန်နေ့ ဇွန်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ကိုယ်စားလှယ်အဖွဲ့တို့ ဇွန်လ ၁၂ ရက်က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
.
တွေ့ဆုံပွဲတွင် SSPP/SSA ဘက်မှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားရန်၊ တန်းတူရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်ဘက် တပ်များအကြား အငြင်း ပွားဖွယ်ရာ ကိစ္စများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက တွေ့ဆုံညှိနှိုင်း၍ ပြေလည်အောင် ဖြေရှင်း ဆောင်ရွက်သွားရန်၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ၊ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး ကဏ္ဍများ အပြင် SSPP ထိန်းချုပ် နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ အသုံးပြုရန်အတွက် လိုအပ်သော စက်သုံးဆီများကို အချိန်နှင့်တပြေးညီ သယ်ဆောင်ခွင့်ပြုရန် တို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
.



ထို့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဘက်မှလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို စာရင်းဇယားများပြုစုပြီး (NSPNC) ထံပေးပို့ရန်၊ အွန်လိုင်းလိမ်လည်မှုနှင့် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဒေသရှိအစိုးရ တာ ဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးတို့အတွက် မှတစ်ဆင့် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးတည် ဆောက်သွားရန်၊ လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရန် ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အခြား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပါဝင်ပတ်သက်မှု မရှိစေရေး နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက် များအား လေးစားအသိအမှတ်ပြုပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရသည်။
.
NSPNC နှင့် SSPP/SSA တို့အကြား နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုကို လာမည့် ဇူလိုင်လ နောက်ဆုံးအပတ်၌ နေပြည်တော်တွင် ကျင်းပပြုလုပ်ရန် လျာထားကြောင်းလည်း သိရသည်။
.
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ (SSPP/SSA) ဘက်မှ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး (NSPNC) ဘက်မှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #Local #SSPP

No comments:

Post a Comment

Pages