.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့တွင် အသက်မပြည့်သေးသည့် မိန်းကလေး ငယ် ၂ ဦးကို ငွေကြေးအကျိုးအမြတ်
အလို့ငှာ ပြည့်တန်ဆာအဖြစ် လိမ်လည်လှည့်ဖျား လူကုန်ကူး ရောင်းစားခဲ့သူ ၂ ဦးနှင့်
လက်ခံထားသူ ပြည့်တန်ဆာခန်း ပိုင်ရှင်တို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး
ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
.
.
တောင်ကြီးမြို့နေ အသက် ၁၆ နှစ်နှင့် ၁၇
နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးသည် အလုပ်အကိုင် ရှာဖွေ နေရာမှ ဇွန်လ ၁၃ ရက်တွင်
ရွှေညောင်မြို့သို့ ရောက်ရှိခဲ့ပြီး ရွှေညောင်မြို့နေ ဆိုဖီယာ၊ အေးသာယာ မြို့နေ
မိုးစက် တို့နှင့်တွေ့ဆုံခဲ့ကာ မိန်းကလေးငယ်များအား အေးသာယာမြို့ရှိ KTV တစ်ခု၌ အလုပ် အပ်ပေးမည် ဖြစ်ကြောင်း နှင့် လစာကောင်းကောင်းပေးမည်ဟု
ပြောဆိုစည်းရုံး၍ အေးသာယာမြို့ရှိ နန်းရွှေရည် ပြည့်တန်ဆာခန်း၌ လိမ်လည်လှည့်ဖျား
ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မိန်းကလေးငယ် ၂ ဦးသည် ဆိုဖီယာနှင့် မိုးစက်တို့ ပြန်သွားမှ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရှိရပြီး
မလုပ်ကိုင်လိုကြောင်း ပြောသဖြင့် ယင်းပြည့်တန်ဆာခန်း၌ တစ်ညအိပ်ပြီး နောက်တစ်နေ့
ဇွန်လ ၁၄ ရက်တွင် မိန်းကလေးငယ်တစ်ဦးက ဆိုင်မှ ထွက်ခွာလာကာ ရွှေညောင်မြို့, ရပ်စောက်လမ်းခွဲ အရောက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဆက်သွယ်
အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ယာဉ်ထိန်းရဲမှတစ်ဆင့်
အေးသာယာနယ်မြေရဲစခန်း၊ နယ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးအား အကူအညီ တောင်းခံပြီး
ဆိုင်တွင် ကျန်ရှိနေသည့် မိန်းကလေးငယ်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
အဆိုပါ လူကုန်ကူးမှု ဖြစ်စဉ်နှင့် ပတ်သက်၍
ဆီဖီယာ (ခ) မြင့်သူဇာလွင်၊ သန်းသန်းဆင့် (ခ) မိုးစက်နှင့်
ပြည့်တန်ဆာခိုင်းပိုင်ရှင် နွယ်နီဦး (ခ) ဂျူလိုင်မိုး တို့ ၃ ဦးအား
ရွှေညောင်နယ်မြေရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးခဲ့ပြီး လူကုန်ကူးခံရသူ
မိန်းကလေးငယ် ၂ ဦးကိုမူ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်/ကျေးလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်များက
လိုအပ်သည့် မေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
.
ထို့အပြင် ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်
အေးသာယာမြို့ရှိ နန်းရွှေရည် KTV ဆိုင်အား
သွားရောက်စစ်ဆေးခဲ့ရာတွင် သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြေင်း
သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
.
“သတင်းက ကြိုပေါက်သွားတော့ သူတို့က
အကုန်ရှင်းလင်းထားပြီးပြီ၊ အထောက်အထားတွေ မတွေ့ရ တော့ဘူး။ ဒါပေမဲ့
ပိုင်ရှင်ကိုတော့ ဖမ်းလိုက်တယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
.
သို့ဖြစ်၍ အရွယ်မရောက်သေးသည့် မိန်းကလေးငယ် ၂
ဦးကို ပြည့်တန်ဆာအဖြစ် စေခလိုင်းရန် အလို့ငှာ ငွေကြေး အကျိုးအမြတ် ရယူပြီး
ပို့ဆောင်ပေးခဲ့သူ ဆိုဖီယာ (ခ) မြင့်သူဇာလွင်၊ သန်းသန်းဆင့် (ခ) မိုးစက် နှင့်
ပြည့်တန်ဆာအဖြစ် စေခိုင်းရန် လက်ခံထားသူ KTV ဆိုင် ပိုင်ရှင်
နွယ်နီဦး (ခ) ဂျူလိုင်မိုး တို့ ၃ ဦးကို ရွှေညောင် နယ်မြေရဲစခန်းတွင် လူကုန်ကူးမှု
တားဆီးနှိမ်နင်ရေးဥပဒေ ပုဒ်မ-၃၅/၄၄ ဖြင့် ယမန်နေ့ ဇွန်လ ၁၆ ရက်၊ ညပိုင်းက
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
အေးသာယာမြို့သည် ရှမ်းပြည်နယ်အစိုးရရုံးစိုက်ရာ တောင်ကြီးမြို့နှင့်
၇ မိုင်ကျော်သာ ကွာဝေးပြီး အေးသာယာမြို့တွင် KTV အနှိပ်ခန်းများ
အပြင် ပြည့်တန်ဆာခန်းများကို တရားဝင်သဖွယ် ဖွင့်လှစ်ထား မှုများ ရှိနေကြောင်း
ဒေသခံများထံက သိရသည်။
.

No comments:
Post a Comment