၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
.
■ ပေါ်တူဂီ - ကွန်ဂို (ည ၁၁ နာရီခွဲ)
.
ပေါ်တူဂီအတွက်တော့ ဒီအုပ်စုက ကိုလံဘီယာ ၊ ဥဇဘက်နဲ့ ကွန်ဂို တို့နဲ့ ကျနေတာမို့
ကိုလံဘီယာ တစ်သင်းကိုပဲ ဂရုစိုက်ရမယ့် အနေအထားပါ။ ဒီနှစ်မှာ ရော်နယ်ဒိုအတွက်
ကမ္ဘာ့ဖလား ယူပေးကြမယ်ဆိုပြီး ပေါ်တူဂီ အသင်းသားတွေ တက်ကြွနေကြသလို အသင်း လူစာရင်းကလည်း
နေရာစုံမှာ တောင့်တင်းနေတာပါ။
ပေါ်တူဂီရဲ့ တိုက်စစ်မှာ ရော်နယ်ဒိုက နီတို၊ ဘာနာဒိုဆေးဗား တို့နဲ့
တွဲကစားဖို့ ရှိနေပြီး ကွင်းလယ်မှာ ဘရူနို၊ ဂျာအိုနီဗက်ဇ်၊ ဗီတင်ဟာ အတွဲ ကစားမှာပါ။
ခံစစ်မှာတော့ အီနာဆီယို၊ ကန်ဆယ်လိုနဲ့ နူနိုမန်ဒက်ဇ် တို့က အထိုင် ကစားကြဖို့ ရှိနေပါတယ်။
.
ကွန်ဂိုကလည်း နယူးကာဆယ်က ဝစ်ဆာ၊ ဘက်တစ်ရဲ့ ဘာကမ်ဘူ တို့ ရှိနေတာမို့
လျော့တွက်လို့တော့ မရပါဘူး။ ဒါ့အပြင် ခံစစ်မှာ ဝက်စ်ဟမ်းက ဘစ်ဆာကာနဲ့ ဘန်လေက
တွမ်ဇီဘီ တို့ရှိနေတာမို့ ပေါ်တူဂီခံစစ်ကို တားဆီးဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာ
အသေအချာပါ။
.
ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲ ရလာဒ်တွေမှာလည်း ပေါ်တူဂီက
တစ်ပွဲမှ မရှုံးအောင် ကစားထားခဲ့ပြီး ကွန်ဂိုကတော့ နောက်ဆုံး ခြေစမ်းပွဲ ၂
ပွဲစလုံး နိုင်ပွဲ ပျောက်ခဲ့တယ်။ ဒီပွဲအတွက် ဘရူနို၊ ဗီတင်ဟာနဲ့ နီဗက်စ်
တို့ရဲ့ကွင်းလယ်ကပဲ အဓိက စကားပြောသွားမှာ ဖြစ်ပြီး သူတို့ရဲ့ အဖွင့်ပွဲစဉ်ကို
ပေါ်တူဂီ သေချာပေါက် အနိုင် ကစားမှာပါ။ ဂိုးပြတ်ဖို့လည်း ရှိပါတယ်။
.
■ အင်္ဂလန် - ခရိုအေးရှား (နံနက်
၂ နာရီခွဲ)
.
အင်္ဂလန်က
ကမ္ဘာ့ဖလား အုပ်စု L
မှာ ခရိုအေးရှား၊ ပနားမား ၊ ဂါနာ တို့နဲ့ ကျနေတာပါ။ ပနားမားက
အန္တရာယ် မရှိပေမယ့် ဂါနာနဲ့ ခရိုအေးရှားတို့က အင်္ဂလန်အတွက် ခက်ခဲတဲ့ ပြိုင်ဖက်တွေ
ဖြစ်လာနိုင်တာပါ။
.
အင်္ဂလန်ရဲ့ လူစာရင်းမှာ ဟယ်ရီကိန်းက အထောင် တိုက်စစ်မှူးနေရာကနေ
ကစားဖို့ ရှိနေပြီး ဆာကာ၊ ဂေါ်ဒွန်တို့က တောင်ပံတွေမှာ ကစားကြမှာပါ။
ကွင်းလယ်မှာတော့ ဘယ်လင်ဂမ်၊ ရိုက်စ်နဲ့ အန်ဒါဆင် တို့အတွဲကို တွေ့ရဖို့ရှိနေပြီး
ခံစစ်မှာ ရိစ်ဂျိမ်း၊ ဂျွန်စတုံး၊ ကွန်ဆာနဲ့အိုင်ရိုင်လီ တို့ ကစားကြဖို့ ရှိနေပါတယ်။
.
ခရိုအေးရှားကတော့ မိုဒရစ်၊ ကိုဗာဆစ်၊ ပါရီဆစ်၊ စတာနီဆစ်
တို့ရဲ့သဘာရင့်ကွင်းလယ်နဲ့ ပွဲထွက်လာမှာပါ။ အင်တာမီလန်ရဲ့ တိုက်စစ်မှူး ဆူဆစ်၊
ခရာမာရစ် တို့က တိုက်စစ်မှာ ကစားကြမှာဖြစ်ပြီး မန်စီးတီးခံစစ်မှူး ဗာဒီယိုက
ခရိုအေးရှားခံစစ်ကို ဦးဆောင်ကစားမှာ ဖြစ်ပါတယ်။
.
ထိပ်တိုက်တွေ့ဆုံမှုတွေ အရတော့ နောက်ဆုံး ၃ ကြိမ်တွေ့ဆုံမှုမှာ
အင်္ဂလန်ကို ခရိုအေးရှားတို့ တစ်ကြိမ်မှ မနိုင်ခဲ့ဖူးတာကို တွေ့ရပါတယ်။ လူစာရင်းအရရော၊
အင်္ဂလန်ရဲ့ လက်ရှိ ကစားပုံအရကိုပါ ယှဉ်ကြည့်လိုက်ရင် ခရိုအေးရှား အနေနဲ့
အင်္ဂလန်ကို ယှဉ် ကစားနိုင်စွမ်း ရှိတာ အမှန်ပါ။ သရေကျသွားဖို့ များတဲ့ပွဲ ဖြစ်ပြီး
ခရိုအေးရှား ဒီပွဲမှာ မထင်မှတ်ဘဲ အမှတ် ရသွားနိုင်ပါတယ်။
.
■ ဂါနာ - ပနားမား (နံနက် ၅ နာရီခွဲ)
.
အီနီကီ ဝီလီယံ၊ ဆီမန်ညို တို့ရဲ့ ဂါနာနဲ့ အသင်းလိုက် ကစားပုံ ကောင်းတဲ့
ပနားမား တို့ တွေ့ရမယ့်ပွဲပါ။
ဂါနာရဲ့ တိုက်စစ်မှာ အေရူး ကစားမှာ ဖြစ်ပြီး အတ္တလန္တာကွင်းလယ်က
ဆူနီမာနာ ကိုလည်း ကွင်းလယ် တိုက်စစ်နေရာမှာ တွေ့ရမှာပါ။ ဂါနာရဲ့ လူစာရင်းမှာ
ပြင်သစ်ကလပ် အော်ဇေးက ကစားသမား ၃ ယောက်အထိ ရွေးထားပြီး ဆီနာယာနဲ့ မန်ဆာ တို့က
ခံစစ်နေရာတွေအတွက် ပါဝင်လာမှာ ဖြစ်ပါတယ်။
.
ပနားမားက မက္ကဆီကိုလိဂ်နဲ့ တူရကီလိဂ်မှာ သွားကစားနေတဲ့
ကစားသမားတွေကို အခြေခံ ဖွဲ့စည်းထားတာ ဖြစ်ပြီး ကြယ်ပွင့် ကစားသမားတော့ မရှိပါဘူး။ ကမ္ဘာ့ဖလား
မတိုင်ခင် ခြေစမ်းပွဲတွေမှာတော့ ဂါနာရဲ့ ခြေစွမ်းက တော်တော်လေး ဆိုးခဲ့ပြီး
တစ်ပွဲမှကို မနိုင်တာပါ။ ပနားမားကတော့ ခြေစမ်းပွဲ ၅ ပွဲမှာ ၁ ပွဲပဲ ရှုံးခဲ့တာမို့
တော်တော်လေး ခြေငြိမ်တယ်လို့ ပြောရပါမယ်။
.
ဂါနာရဲ့ တိုက်စစ်က အားကောင်းတာ မှန်ပေမယ့်လည်း ပနားမားရဲ့ စွမ်းဆောင်ရည်ကို
လျော့တွက်လို့ မရပါဘူး။ သရေ ကျသွားဖို့ များတဲ့ပွဲပါ။
.
■ ဥဇဘက်ကစ္စတန် - ကိုလံဘီယာ
(နံနက် ၈ နာရီခွဲ)
.
မန်စီးတီး နောက်ခံလူ ခူဆာနော့ဗ် ဦးဆောင်တဲ့ ဥဇဘက်က လူးဝစ်ဇ်ဒီယာ့ဇ်
တို့ရဲ့ ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာပါ။ ဆွာရက်ဇ်၊ ဟားမက်စ်ရိုဒရီဂွက်ဇ်၊ လာမာ၊
ဒီယာ့ဇ်တို့ရဲ့တိုက်စစ်ကို ဥဇဘက် တို့ ဘယ်လို ကာကွယ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
.
ပြီးခဲ့တဲ့ ဖီဖာစီးရီးပွဲမှာ ဥဇဘက်က တောင်အမေရိက အသင်း တစ်သင်း ဖြစ်တဲ့
ဗင်နီဇွဲလား ကို သရေ ကစားထားခဲ့တာမို့ ဒီပွဲမှာလည်း သူတို့ရဲ့ ခံစစ်အားပြု ကစားပုံကို
ထပ် သုံးဖို့ များတယ်။ ကိုလံဘီယာကတော့ ခြေစမ်းပွဲ ၅ ပွဲ မှာ ၃ ပွဲနိုင်ပြီး
ပြင်သစ်နဲ့ ခရိုအေးရှားကို ရှုံးထားတယ်။
.
ဒီနှစ်သင်းက ကမ္ဘာ့အဆင့်မှာ တော်တော်လေး ကွာနေတဲ့ အသင်းတွေ ဖြစ်ပြီး
ကိုလံဘီယာက ကမ္ဘာ့အဆင့် ၁၃ ရှိနေချိန်၊ ဥဇဘက်ကတော့ ကမ္ဘာ့အဆင့် ၅၀ မှာ ရှိနေတယ်။
.
ကိုလံဘီယာအနေနဲ့ ဒီအုပ်စုမှာ ပေါ်တူဂီနဲ့ အုပ်စုဗိုလ်လုရဖို့
ရှိနေတာကြောင့် ဒီလိုပွဲမျိုးကို အမှား ခံမှာ မဟုတ်ပါဘူး။ ကိုလံဘီယာ
နိုင်သွားမယ့်ပွဲပါ။

No comments:
Post a Comment