မီတာခနှုန်းထားသစ် အစီအစဉ်ကို ထိုင်းအစိုးရ ရွှေ့ဆိုင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 18, 2026

မီတာခနှုန်းထားသစ် အစီအစဉ်ကို ထိုင်းအစိုးရ ရွှေ့ဆိုင်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

.

လျှပ်စစ်ဓာတ်အား သုံးစွဲမှုမြင့်မားတဲ့ အိမ်ထောင်စုကြီးတွေအတွက် မီတာခနှုန်းထား တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပြန်လည်သုံးသပ်မှာဖြစ်ပြီး ရွှေ့ဆိုင်းထားတဲ့အကြောင်း ထိုင်းစွမ်းအင်ဝန်ကြီး ပရွန်ဖန်က ပြောဆိုလိုက်ပါတယ်။

.

.

ထိုင်းနိုင်ငံရဲ့ ပြောင်းလဲလာမယ့် လျှပ်စစ်နှုန်းထားအသစ်ကို စွမ်းအင်ကော်မရှင်က ပြီးခဲ့တဲ့လအတွင်းမှာ အဆိုပြုခဲ့ပြီး ဇူလိုင်လထဲမှာ စတင်ကောက်ခံဖို့ စီစဉ်ထားတာပါ။ ဒီစနစ်က လျှပ်စစ်သုံးစွဲမှု များလာလေလေ ဈေးနှုန်းမြင့်တက်လာလေလေ ဖြစ်တဲ့ စနစ်အပေါ် အခြေခံထားတာမို့ သုံးစွဲမှုနည်းတဲ့ အိမ်ထောင်စုတွေက မီတာခ ပိုသက်သာမှာဖြစ်ပြီး သုံးစွဲမှုများသူတွေကတော့ နဂိုမီတာခထက် တိုးမြင့်ပေးဆောင်ရမှာပါ။

.

နှုန်းထားအသစ်အရ တစ်လအတွင်း လျှပ်စစ်ဓာတ်အား ၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိ သုံးစွဲတဲ့ အိမ်ထောင်စုတွေက တစ်ယူနစ်ကို ၂ ဒသမ ၃၄ ကနေ ၃ ဘတ်အထိ ပေးဆောင်ရမှာြဖစ်ပြီး ၂၀၁ ယူနစ်နဲ့အထက် သုံးစွဲတဲ့အိမ်ထောင်စုတွေကတော့ တစ်ယူနစ်ကို ၄ ဒသမ ၉၆ ဘတ်ကနေ ၅ ဒသမ ၄၅ ဘတ်အထိ ပေးဆောင်စေဖို့ စီစဉ်ထားတာပါ။

.

ဝန်ကြီး ပရွန်ဖန်ကတော့ ပြောင်းလဲလာမယ့် နှုန်းထားအသစ်တွေက ပြည်သူတွေနဲ့ မသင့်တော်ကြောင်း ပြောခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ လူထုသဘောထား ကောက်ခံပွဲတွေမှာလည်း အဖွဲ့အစည်း အမျိုးမျိုးဆီကနေ ကန့်ကွက်မှုတွေ ထွက်လာခဲ့တယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

.

“လူများတဲ့ မိသားစုတွေမှာ လျှပ်စစ်မီတာခ မြင့်တက်နေတာက ဖြုန်းတီးလို့မဟုတ်ပါဘူး။ အိမ်ထဲမှာ နေတဲ့ သူတွေများတာမို့ သဘာဝအတိုင်း လျှပ်စစ်သုံးစွဲမှု မြင့်တက်လာတာပါ” လို့ ဝန်ကြီးက ရှင်းပြခဲ့တာပါ။

.

လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေက ဩဂုတ်လအထိ တစ်ယူနစ်ကို ပျမ်းမျှ ၃ ဒသမ ၉၅ ဘတ်နှုန်းနဲ့ မီတာခ ပေးဆောင်ကြရမှာဖြစ်ပါတယ်။

.

ဝန်ကြီးက တစ်လကို  လျှပ်စစ် ၂၀၀ ယူနစ်ထက် ပိုမသုံးတဲ့ အိမ်ထောင်စုတွေအတွက် အစိုးရက မီတာခ ထောက်ပံ့ပေးသွားမယ့်အကြောင်း ကတိပေးခဲ့ပြီး ထိုင်းနိုင်ငံ လျှပ်စစ်ဖြန့်ဝေရေးအဖွဲ့ဆီ တာဝန်ပေးသွားမယ့် အကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

.

ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဖြန့်ဝေရေးအဖွဲ့ ကတော့ အရင်က လုပ်ဆောင်ခဲ့တဲ့ မီတာခ ထောက်ပံ့ရေးအစီအစဉ် တွေကြောင့် ဧပြီလအထိ ဘတ် ၃၆ ဘီလီယံ အရှုံးပေါ်ထားပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

.

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကတော့ မီတာခ လျှော့ချနိုင်မယ့် နည်းလမ်း ၃ ခုကို အကြံပြုထားပြီး ပထမ အချက်အနေနဲ့ လမ်းမီးအသုံးစရိတ်တွေကို လျှော့ချဖို့ အကြံပြုထားပါတယ်။ ဒီ လမ်းမီးတွေအတွက် ကုန်ကျစရိတ်ကို လျှပ်စစ်သုံးစွဲသူတွေဆီကနေ ပြန်လည်ကောက်ခံနေတာပါ။

.

ဒုတိယအချက်အနေနဲ့ နိုင်ငံပိုင် လျှပ်စစ်အေဂျင်စီတွေ အနေနဲ့ စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဈေးတွေကို ပြင်ဆင်သတ်မှတ်ဖို့ပါ။ ဒီကုမ္ပဏီတွေကို မြင့်မားတဲ့ဈေးနဲ့ အစိုးရဆီ လျှပ်စစ်ရောင်းချခွင့် ပြုထားတာကြောင့် သူတို့ကို ပေးချေနေတဲ့ နှုန်းထားကို ပြန်လည်ပြင်ဆင်ပြီး ပြည်သူတွေကို မီတာခ လျှော့ပေးဖို့ပါ။

.

တတိယအချက်ကတော့ စွမ်းအင်အလွန်အကျွံ သုံးစွဲနေတဲ့ အချက်အလက်စင်တာတွေအတွက် သီးခြား လျှပ်စစ်နှုန်းထား သတ်မှတ်သင့်တဲ့အကြောင်း အကြံပြုထားတာပါ။ ဒီစင်တာတွေက လျှပ်စစ်အသုံးပြုမှု အရမ်းများတာကြောင့် သူတို့အပေါ် မီတာခ တိုးကောက်လိုက်မယ်ဆိုရင် အိမ်ထောင်စုတွေအပေါ်မှာ မီတာခ ‌လျှော့ပြီး ကောက်ခံဖို့လမ်း ပေါ်လာမယ်လို့ စွမ်းအင်တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages