တောင်ကြီး အထက (၁၁) တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ကွင်းဆင်း ဆောင်ရွက်ပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 18, 2026

တောင်ကြီး အထက (၁၁) တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ကွင်းဆင်း ဆောင်ရွက်ပေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းက အသက် ၁၀ နှစ်ပြည့် ကျောင်းသား/သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

.

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးက တောင်ကြီးမြိုနယ် အတွင်းရှိ စာသင်ကျောင်းများ၌ အဖွဲ့များခွဲကာ လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ရက် ၁၀၀ စီမံချက်နဲ့ အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ကြား၊ နောက်ပြီး ၁၈ နှစ်အထက်တွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားနဲ့ Smart Card လို့ ခေါ်တဲ့ UID ကတ်ပြားတွေကို လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပြည်သူတွေ လူမှု စီးပွား အဆင့်တိုးမြင့်ရေး အထောက်အကူရရှိစေရန်အတွက် ရည်ရည်ရွယ်တာပါ။ ပညာသင်ကြားခြင်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုတွေ၊ ဘဏ်စာရင်း ဖွင့်လှစ်ခြင်းတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း စာချုပ်ချုပ်ဆိုတဲ့ ကိစ္စတွေ စတဲ့ လူမှုနယ်ပယ်အသီးသီးမှာ နိုင်ငံသားစိစစ်ရေး ကတ်ကို အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ပါတယ်” ဟု တောင်ကြီးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင် က ပြောသည်။

.

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရွှေညောင်အထကကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အချက်အလက်စာရင်းဇယား ကောက်ယူခဲ့ပြီး တောင်ကြီးမြို့ပေါ် အထက (၁၁) ကျောင်းတွင် နိုင်ငံသား စိစစ်ရေးကတ်နှင့် IUD ကတ်များ ထုတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။

.

ထို့အပြင် တောင်ကြီးမြို့ အထက (၁) တွင် လည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူ ၇၀၀ ကျော် ရှိသည့်အနက် ၄၀၀ ကျော်အား ဆောင်ရွက်ပေးပြီးဖြစ်ကာ ကျန် ၃၀၀ ကျော်ကို လာမည့် ရက်သတ္တပတ်များအတွင်း ထပ်မံကွင်းဆင်း ဆောင်ရွက်သွားရန် ရှိနေကြောင်း ၎င်းထံက သိရသည်။

.

လက်ရှိတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက်တစ်ရာ လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ UID ပြုလုပ်ပေးခြင်းကို အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေး နေသည့်အပြင် မြို့နယ် လဝကရုံးများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်၊ UID အပြင် အိမ်ထောင်စုဇယား မွေးတိုး၊ ပြောင်းဝင်၊ ပြောင်းထွက် စသည်တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages