အမေရိကန်ကို လုံးဝ မယှဉ်နိုင်ဘဲ ဂိုးပြတ် အရှုံး ပေးလိုက်ရတဲ့ ပါရာဂွေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 13, 2026

အမေရိကန်ကို လုံးဝ မယှဉ်နိုင်ဘဲ ဂိုးပြတ် အရှုံး ပေးလိုက်ရတဲ့ ပါရာဂွေး


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်

.
ဒီနေ့မနက် ၇-၃၀ မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အမေရိကန်နဲ့ ပါရာဂွေးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အမေရိကန်က ၄-၁ ဆိုတဲ့ ရလာဒ် နဲ့ အနိုင် ရသွားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပထမဆုံး ၃ မှတ်ကို ရယူသွားခဲ့ပါတယ်။
.
ပိုချက်တီနိုရဲ့ အမေရိကန်အသင်းက ဒီပွဲအတွက် သူတို့ရဲ့အကောင်းဆုံး လူစာရင်းကို သုံးခဲ့တာ ဖြစ်ပြီး တိုက်စစ်က ပူလီဆစ် နဲ့ ဘာလိုဂန် တို့က အထူး ခြေစွမ်း ပြသွားခဲ့ကြတာပါ။ ပါရာဂွေးဖက်မှာတော့ အယ်လ်မီရွန်၊ ဂိုမက်ဇ် တို့လို နာမည်ကြီး ကစားသမား အနည်းငယ်သာ ပါခဲ့တာမို့ အမေရိကန်ရဲ့ ကစားပုံကို ယှဉ်နိုင်ဖို့ ခက်ခဲ့တာပါ။
.
ပွဲအစ ၇ မိနစ်မှာကတည်းက အမေရိကန်က အဖွင့်ဂိုး ရသွားခဲ့တာ ဖြစ်ပြီး အမေရိကန် တိုက်စစ်ကို တားဆီးဖို့ ကြိုးစားရင်း ဘိုဘာဒီလာ က ကိုယ့်ဂိုး ကိုယ် သွင်းမိသွားခဲ့တာပါ။
.
အမေရိကန်က ဒီပွဲအတွက် ဘောလုံးပိုင်ဆိုင်ခွင့် ၇၂ ရာခိုင်နှုန်း အထိ ရယူသွားနိုင်ခဲ့ပြီး ပထမပိုင်းကို လုံးဝ ထိန်းချုပ် ကစားသွားခဲ့တာပါ။ ပါရာဂွေးက ပွဲချိန် ပထမပိုင်းမှာ ထောင့်ကန်ဘော တစ်ကြိမ်မှ ကန်ခွင့်မရတဲ့ အထိကို တောင်ပံတိုက်စစ် အခြေအနေ ဆိုးခဲ့ပြီး အမေရိကန်ရဲ့ ဖိအားပေးမှုတွေကိုပဲ ခံနေခဲ့ရတာပါ။
.
ပွဲချိန် ၃၁ မိနစ်မှာ အမေရိကန်က ဒုတိယဦးဆောင်ဂိုးရသွားခဲ့ပြီး ပူလီဆစ်ရဲ့ဖန်တီးပေးမှုက တစ်ဆင့် ဘာလိုဂန်က သွင်းယူသွားခဲ့တာပါ။ ပထမပိုင်း ပွဲချိန် ပြီးခါနီး နာကျင်အချိန် ပိုမှာလည်း ဘာလိုဂန်ကပဲ အမေရိကန်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို ထပ်သွင်းပေးသွားလို့ ပထမပိုင်းပြီးဆုံးချိန်မှာ အမေရိကန်တို့ ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
.
ပွဲချိန် ဒုတိယပိုင်းမှာတော့ ပါရာဂွေးက လူစားလဲမှုတွေ ပြုလုပ်လာခဲ့ပြီး အမေရိကန်ကို ပြန်လည် တိုက်စစ်ဆင်တာမျိုးတွေ မကြာခဏ လုပ်လာနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာတော့ ဒုတိယပိုင်းမှာ လူစား ဝင်လာခဲ့တဲ့ မူရီဆီယို က ပါရာဂွေးအတွက် ချေပဂိုး တစ်ဂိုးကို ဂိုးဧရိယာထဲမှာ အပိုင် ကန်သွင်းပေးသွားခဲ့တာပါ။
ပိုချက်တီနိုကတော့ သူ့ရဲ့အဓိက ကစားသမားတွေ ဖြစ်တဲ့ ပူလီဆစ်၊ ဘာလိုဂန်၊ ဆာဂျီနိုဒက်စ်တို့ကို ဒုတိယပိုင်းမှာ လူစား လဲစေခဲ့ပြီး လာမယ့် ပွဲစဉ်တွေအတွက် အနား ပေးသွားခဲ့ပါတယ်။ မိနစ် ၇၀ နောက်ပိုင်းမှာ နှစ်သင်းစလုံးက အပြန်အလှန် ဖွင့်ကစားခဲ့ကြလို့ ပြိုင်ပွဲက ကြည့်ကောင်းခဲ့ပြီး အခွင့်အရေး ကိုယ်စီ ရခဲ့ကြတာပါ။

.
ဒုတိယပိုင်း နာကျင်အချိန်ပိုရဲ့ နောက်ဆုံး မိနစ်မှာ အမေရိကန် ဖက်က လူစားဝင် ကစားသမား ရေနာ က နောက်ထပ် တစ်ဂိုး ထပ်သွင်း ပေးသွားခဲ့လို့ ပွဲ အပြီးမှာ အမေရိကန်က ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရသွားခဲ့တာပဲ ဖြစ်ပါတယ်။
.
အမေရိကန်က ကမ္ဘာ့ဖလား အုပ်စု D မှာ ဩစတြေးလျ၊ တူရကီ တို့နဲ့ တစ်အုပ်စုတည်း ကျနေတာမို့ ဇွန်လ ၂၀ မှာ ဩစတြေးလျ၊ ဇွန်လ ၂၆ မှာ တူရကီ တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

.
#KBZTai #Shan #WC2026 #Football

 

No comments:

Post a Comment

Pages