လျှပ်စစ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မကျေနပ်ပါက လျှပ်စစ်ရုံး အဆင့်ဆင့်သို့ တိုင်ကြားနိုင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, July 4, 2026

လျှပ်စစ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မကျေနပ်ပါက လျှပ်စစ်ရုံး အဆင့်ဆင့်သို့ တိုင်ကြားနိုင်


လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မကျေနပ် ချက်များ၊ လိုအပ်ချက် များ ရှိပါက သက်ဆိုင်ရာ လျှပ်စစ်ရုံး အဆင့်ဆင့်သို့ တိုက်ရိုက် မေးမြန်းခြင်း၊ တိုင်ကြားခြင်းများ ပြုလုပ် နိုင်သည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ် ထံက သိရသည်။

.
ပြည်သူလူထုအနေနဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ မကျေနပ်ချက်များ၊ လိုအပ်ချက်များ ရှိပါကလည်း သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးရုံးများကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူးရုံးများက ဖြေရှင်းမှုကို မကျေလည်မှုများ ရှိရင် ခရိုင်/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရုံး များကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ်” ဟု ဦးဇော်မင်းထွန်းက ပြောဆိုခဲ့သည်။
.

တောင်ကြီးမြို့ပေါ်ရှိ လျှပ်စစ် သုံးစွဲသူ ပြည်သူများ အနေဖြင့် တိုင်ကြားလိုပါက တောင်ကြီးခရိုင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း နှင့် ရှမ်းပြည်နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ရုံးများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားရာတွင် နေရာ၊ ဖြစ်စဉ် စသည့် အကြောင်းအရာများကို တိကျစွာ ဖော်ပြ၊ ပြောဆိုမှသာ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းကိုလည်း ဒုတိယအင်ဂျင်နီယာချုပ် က ဆိုသည်။

.
ဓါတ်အားသုံးစွဲသူ ပြည်သူများသို့ ဖြန့်ဝေပေးနေသည့် မီတာစာရွက်၏ နောက်ကျောဘက်တွင် ပန်ကြားချက် များ ပါရှိပြီး မီတာဖတ် စာရေးများ အချိန်မှန် လာရောက် မဖတ်ပါက တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြား လာပါက အကောင်းဆုံး ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.
ထို့အပြင် မီတာခ ပေးချေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ တိုက်ရိုက် လာရောက် ပေးဆောင် နိုင်သလို KBZ PayAYA PayWave Pay စသည့် နည်းလမ်းများဖြင့်လည်း တရားဝင် ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်နယ်‌တောင်ပိုင်း၊ တောင်ကြီးနှင့် အေးသာယာမြို့ ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် မြန်မာ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာနနှင့် လင်းသီဟ အထွေထွေဝန်ဆောင်မှုကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရုံး အနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလု ပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ကုမ္ပဏီကိုလည်း လျှပ်စစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ကုမ္ပဏီကိုလည်း ဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်ရန် အမြဲတမ်း ညွှန်ကြားလျက် ရှိပါတယ်။ ပြည်သူရဲ့ တိုင်ကြားမှု၊ တင်ပြမှုတွေကိုလည်း အမြဲတမ်း အလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးဇော်မင်းထွန်းက ပြောသည်။
.
လျှပ်စစ်ဓါတ်အား သုံးစွဲသူ ပြည်သူများအနေဖြင့် မီတာဖတ်စာရေးများက အိမ်သုံးမီတာများကို လစဉ် ဖတ်ရှု ခြင်း မပြုဘဲ ခန့်မှန်းတွက်ချက် ကောက်ခံနေသဖြင့် ယူနစ်ကွာဟချက်များ ရှိနေပြီး သုံးစွဲသူ ဘက်မှ ထိခိုက်နစ်နာမှုများ ရှိနေသည်ဟု ပြောဆိုကြသည်။
.
လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီသည် တောင်ကြီးမြို့နှင့် အေးသာယာမြို့တို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပဋိဉာဉ်စာချုပ် ချုပ်ဆို၍ ၂၀၁၇ ခုနှစ်ကတည်းက လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Pages