ယူကရိန်းနိုင်ငံထဲကို ထိုးစစ် ဆင်နေတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့
ဝင်ရောက်မှုတွေက ၂၀၂၆ ခုနှစ်အတွင်းမှာ သိသိသာသာ နှေးကွေး လာနေပြီး ဇွန်လ
တစ်လထဲမှာတင် စစ်သား ၄၀၀၀၀ လောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာတွေက
ဖော်ပြနေကြပါတယ်။
.
တစ်ချိန်တည်းမှာပဲ ယူကရိန်းဘက်ကနေ ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို
တာဝေးပစ်တွေ၊ အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲ စတင်ကတည်းက
အခုချိန်အထိ ရုရှားစစ်သား ၁ ဒသမ ၄ သန်းလောက် သေဆုံး၊
ဒဏ်ရာရခဲ့ကြပြီဆို တာလည်း လေ့လာသူတွေက ဖော်ပြနေကြတာပါ။
.
ရုရှားတပ်ဖွဲ့တွေက ယူကရိန်း အရှေ့ပိုင်းမှာ ရှိတဲ့
ဒိုးနက်စ်ဒေသရဲ့သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ နယ်မြေ ၂၀ ရာခိုင်နှုန်းလောက်ကို
ဒီနှစ်ကုန်မှာ သိမ်းပိုက်ဖို့ ရည်မှန်းထားတာပါ။ ဒါပေမယ့် ဒီနယ်မြေ သိမ်းဖို့အတွက်
ပြီးခဲ့တဲ့ ၆ လကတည်းက ကြိုးစားခဲ့တာ ဖြစ်ပြီး ရုရှားက သူတို့ရဲ့ ရည်မှန်းရက်တွေကို
အကြိမ်ကြိမ် နောက်ဆုတ်နေခဲ့ကြရပါတယ်။
.
ရုရှားရဲ့ လက်ရှိအခြေအနေအရတော့ ပူတင်ရဲ့ တပ်ဖွဲ့တွေ အနေနဲ့
ဒိုးနက်စ်ဒေသကို အလုံးစုံ သိမ်းပိုက်နိုင်ဖို့ဆိုရင် ၁၄ နှစ်လောက်တောင်
ကြာသွားနိုင်တဲ့အကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ဝါရှင်တန် အခြေစိုက်လေ့လာရေးအဖွဲ့
(ISW) ရဲ့ဖော်ပြချက်တွေမှာတော့ ဒီနှစ်ထဲမှာ ရုရှားရဲ့နယ်မြေ တိုးချဲ့နိုင်မှုက
သိသိသာသာ ကျဆင်းသွားခဲ့ပြီး စစ်သား ဆုံးရှုံးမှုကတော့ မြင့်တက်လာတယ်လို့
ပါရှိတာပါ။
.
အစီရင်ခံစာအရ
ရုရှားတပ်ဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ယူကရိန်းမြေ စတုရန်းကီလိုမီတာ ၂၁၉၀
ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ၂၀၂၆ ခုနှစ် ပထမ ၆ လထဲမှာတော့ ၆၂၂
စတုရန်းကီလိုမီတာကိုသာ ထပ်မံ တိုးချဲ့နိုင်ခဲ့တာပါ။ ဒါ့အပြင် ရုရှားက
သိမ်းလိုက်တဲ့ နယ်မြေတွေကို ယူကရိန်းဘက်က ပြန်တိုက်လို့ လက်လွှတ်ခဲ့ရတာတွေကိုပါ
ထည့်တွက်မယ်ဆိုရင်တော့ ၂၀၂၆ ပထမ ၆ လအတွင်းမှာ ရုရှားရဲ့ တကယ်တမ်းသိ မ်းပိုက်နိုင်မှုက
၉၇ စတုရန်းကီလိုမီတာ သာ ရှိတော့တာပါ။
.
ယူကရိန်းသမ္မတ ဇီလန်းစကီးကတော့ ပူတင်အနေနဲ့ နောက်ထပ် စစ်သား ၁
သန်းကို ပို့နိုင်ရင်တောင် သူတို့ရဲ့ ခံစစ်တံတိုင်းကို ကျော်မှာ မဟုတ်ဘူးလို့
ပြောကြားခဲ့ပြီး စစ်ပွဲအတွင်း ရုရှားစစ်သား တစ်သန်းကျော် ဆုံးရှုံးခဲ့ရတာကို
ရည်ညွှန်းခဲ့ပါတယ်။
.
ရုရှားနိုင်ငံတွင်းမှာ စစ်သားသစ် စုဆောင်းမှုတွေကလည်း
နှေးကွေးနေပြီး တစ်လအတွက် စစ်သား ၃၀၀၀၀ လောက်ရဖို့ ကြိုးစားပြီး စုဆောင်းမှု ပြုလုပ်နေရတဲ့
အနေအထား ဖြစ်လာနေတာပါ။
.
ယူကရိန်းဘက်ကတော့ ဒီနှစ်အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေက
ဒရုန်းထုတ်လုပ်မှု တိုးမြှင့်ခြင်းနဲ့ တာဝေးပစ် ဒုံးကျည်တွေ ပိုပြီး အဆင့်မြင့်လာဖို့
ချမှတ်ခဲ့တဲ့ မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းက ရုရှားရဲ့
ရှေ့တန်းကို လောင်စာနဲ့ လက်နက်တွေ ပို့ဆောင်မှုကို ဖြတ်တောက်ဖို့ “Logistical
Lockdown” လို့ ခေါ်တဲ့ စစ်ရေးဗျူဟာကို အသုံးပြုနေတယ်လို့လည်း
ကာကွယ်ရေးဝန်ကြီး ဖီဒိုရော့ဗ်က ဆိုပါတယ်။
.
ဇီလင်းစကီးက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ ရုရှားကို ဖိအားပေးဖို့
ရည်ရွယ်တဲ့ ရက် ၄၀ ကြာ တာဝေးပစ် တိုက်ခိုက်မှု စစ်ဆင်ရေး တစ်ရပ် ကြေညာခဲ့ပြီး
လောင်စာဆီသိုလှောင်ရုံတွေ၊ ထောက်ပံ့ရေး လမ်းကြောင်းတွေနဲ့ တံတားတွေကို
ပစ်မှတ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ အစောပိုင်းရက်တွေမှာ ခရိုင်းမီးယားဒေသမှာ ရှိတဲ့
လျှပ်စစ်ဓာတ်အားခွဲရုံ ၁၂ ရုံကို ယူကရိန်းတို့ ဖျက်ဆီးနိုင်ခဲ့တဲ့အကြောင်းလည်း
သတင်းတွေက ဖော်ပြထားပါတယ်။
.
လက်ရှိမှာတော့ သိပ်ပြီး အခြေအနေ မကောင်းတော့တဲ့ ရုရှားက
ငြိမ်းချမ်းရေးဆွေးနွေးမှုဖက် ပြန် လှည့်ချင်နေပြီး ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ
ပက်စ်ကော့ က ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် တံခါး ဖွင့်ထားတယ်လို့
ပြောဆိုထားပါတယ်။
Source – Aljazeera

No comments:
Post a Comment