ရုရှား-ယူကရိန်းစစ်ပွဲမှာ သေဆုံး/ဒဏ်ရာရသူ ၂ သန်းကျော်သွားပြီလို့ စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

ရုရှား-ယူကရိန်းစစ်ပွဲမှာ သေဆုံး/ဒဏ်ရာရသူ ၂ သန်းကျော်သွားပြီလို့ စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်

.

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်းမှာ စုစုပေါင်း လူသေဆုံး/ဒဏ်ရာရမှု အရေ အတွက် ၂ သန်းကျော်သွားခဲ့ပြီဖြစ်တယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။ ရုရှားတစ်နိုင်ငံတည်းမှာတင် ခန့်မှန်းချေအားဖြင့် စုစုပေါင်း လူပေါင်း ၄ သိန်းခွဲလောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ အချက်အလက်တွေက ဖော်ပြနေကြတာပါ။

.

.

ဒီလေ့လာမှုကို အမေရိကန်မှာအခြေစိုက်တဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ကနေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရုရှားနိုင်ငံအနေနဲ့ စစ်ပွဲကာလအတွင်း စစ်သားသေဆုံး၊ ဒဏ်ရာရမှုနဲ့ ပျောက်ဆုံးသူတွေ အပါအဝင် စုစုပေါင်း ၁ ဒသမ ၄ သန်းလောက်အထိ ထိခိုက်နစ်နာခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအရေအတွက်က ရုရှားနိုင်ငံ လူဦးရေနဲ့ နှိုင်းယှဉ်လိုက်ရင် ၁ ရာခိုင်နှုန်းလောက်ရှိနေတာမို့ ရုရှားအတွက် အထိနာခဲ့တယ် လို့လည်း ပြောနိုင်ပါတယ်။

.

ထိခိုက်ဆုံးရှုံးမှုတွေက ရုရှားတစ်နိုင်ငံလုံး တန်းတူဖြစ်နေတာမျိုးမဟုတ်ဘဲ ဆင်းရဲတဲ့ဒေသတွေနဲ့ လူနည်းစု သာရှိတဲ့ လူမျိုးစုနေရာတွေမှာ ပိုပြီးဖြစ်ပေါ်နေတာပါ။ ရုရှားရဲ့ မြို့တော်နဲ့ ဝေးကွာနေတဲ့ ကျေးရွာငယ်တွေမှာ လူဦးရေ မရှိတော့သလောက် ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ရုရှားမီဒီယာတွေမှာ ပိုမိုတွေ့လာရတယ်လို့ ဖော်ပြထားတာပါ။ ဒါ့အပြင် ရုရှားက ဆုံးရှုံးထားတဲ့ စစ်သားအရေအတွက်ကို ပြန်ကာမိဖို့ စစ်သားသစ် စုဆောင်းနိုင်ခြင်းလည်း မရှိတော့တဲ့အကြောင်း လေ့လာမှုတွေက ဖော်ပြနေကြပါတယ်။

.

လေ့လာမှု ပြုလုပ်ခဲ့ကြတဲ့ ဂျုံးစ်နဲ့ မက်ကာဘီ တို့က ဒီအရေအတွက်ဟာ အံ့ဩစရာကောင်းကြောင်းနဲ့ ယူကရိန်းမှာ ရုရှားစစ်သား သေဆုံးနေမှုဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အမေရိကန်ရဲ့ စစ်ပွဲအားလုံးမှာ သေဆုံးခဲ့သူတွေရဲ့ ၄ ဆကျော်ရှိနေပြီး ဆိုဗီယက်နဲ့ ရုရှားစစ်ပွဲ အားလုံးထက် ၉ ဆကျော် ပိုများနေတယ်လို့ ဆိုပါတယ်။

.

တစ်ဖက်မှာလည်း ယူကရိန်းက စစ်ပွဲကြောင့် လူ တစ်သိန်းခွဲလောက်အထိ သေဆုံးခဲ့ကြရပြီး ထိခိုက် နစ်နာမှုတွေကို ခံစားခဲ့ရသူ ၆ သိန်းကျော်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

.

ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးက စစ်ဘက်ဆိုင်ရာ တရားဝင် အချက်အလက်တွေကို မထုတ်ပြန်ကြ ပေမဲ့လည်း စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကိန်းဂဏန်းတွေက အနောက်နိုင်ငံတွေရဲ့ ခန့်မှန်းချက်နဲ့ ကိုက်ညီနေတာ ကို တွေ့ခဲ့ရပါတယ်။

.

လက်ရှိအခြေအနေအရ ရုရှားက ယူကရိန်းထက်ပိုပြီး စစ်ပွဲကုန်ကျစရိတ် ကြီးမားနေတာပါ။ ၂၀၂၆ ပထမ နှစ်ဝက်အတွင်းမှာ ရုရှားနဲ့ ယူကရိန်း အကြား ထိခိုက်ဒဏ်ရာရရှိမှုနှုန်းက ၈ အချိုး ၁ အထိ ရောက်ရှိလာခဲ့ပြီး ယူကရိန်း စစ်သားတစ်ဦး ထိခိုက်မိတဲ့အချိန်တိုင်း ရုရှားဘက်မှာ ၈ ဦးလောက် ထိခိုက်မှုရှိနေတဲ့ အနေအထား ကို ရောက်လာခဲ့တာပါ။

.

စစ်ပွဲ အစောပိုင်းအချိန်တွေမှာတော့ ယူကရိန်းစစ်သားတစ်ဦး ထိခိုက်မိရင် ရုရှားဘက်က ၂ ဦးလောက် ဒဏ်ရာရခဲ့ပြီး လက်ရှိအချိန်မှာတော့ ရုရှားဘက်က ထိခိုက်မှုနှုန်းက အဆမတန် မြင့်တက်လာခဲ့တာပါ။ အဓိက အကြောင်းရင်းကတော့ ယူကရိန်းရဲ့ ဒရုန်းနည်းပညာ တိုးတက်လာမှုကြောင့်ဖြစ်ပြီး ရှေ့တန်းနေရာ တွေမှာ Kill Zone လို့ခေါ်တဲ့နေရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးလာနိုင်တာကြောင့် ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားဖို့ ခက်ခဲလာကြတာပါ။

.

ဒါ့အပြင် ရုရှားဘက်မှာ ထိခိုက်သေဆုံးမှု မြင့်တက်နေရခြင်းရဲ့ အခြား အကြောင်းရင်းတွေအဖြစ် ရုရှားရဲ့ နည်းဗျူဟာပိုင်း၊ ပူးပေါင်းစစ်ဆင်ရေး မအောင်မြင်မှု၊ လေ့ကျင့်မှုအားနည်းခြင်း၊ အကျင့်ပျက်မှုတွေနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကလည်း ရှိနေတယ်လို့ စောင့်ကြည့်သူတွေက ထောက်ပြထားကြပါတယ်။

.

Source – CNN

.

No comments:

Post a Comment

Pages