အမေရိကန်အနေနဲ့ အီရန်အပေါ် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် သွားတော့မှာ ဖြစ်လို့ အီရန်နဲ့ စီးပွားရေး ဆက်ဆံမှုတွေ ရှိနေတဲ့ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
.
ဒါပေမဲ့
တရုတ်ဘက်ကတော့ ပိတ်ဆို့ အရေးယူတာနဲ့ ဖိအားပေးတာတွေဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့်
နည်းလမ်း မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
.
ဘက်ဆင့်က
အီရန်အပေါ် ချမှတ်မယ့် ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက် အလက်တွေကို လာမယ့် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားမယ် လို့လည်း ဆိုပါတယ်။
.
ဘက်ဆင့်က CNBC နဲ့
အင်တာဗျူးမှာ “ဒါက တစ်ချက်ပြီး တစ်ချက် ဆက်တိုက် ဖိအားပေးတဲ့
နည်းလမ်း ဖြစ်ပြီး အီရန်အပေါ် ပိတ်ဆို့ တားဆီးမှု
ရှိနေသလို သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပိတ်ဆို့ အရေးယူမှုတွေလည်း
ချမှတ်သွားမှာပါ” လို့ ပြောပါတယ်။
.
အဲဒီလို
စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတာဟာ အီရန်မှာ ထိရောက်မှုရှိလာပြီး အီရန်အစိုး ရအဖွဲ့ကို ပြိုလဲသွားအောင် လုပ်ဆောင်နိုင်မယ် လို့လည်း
ဘက်ဆင့်က ပြောကြားခဲ့ပါတယ်။
.
အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ အီရန်ကို ဘယ်လိုပုံစံနဲ့မဆို အကူအညီပေးပြီး အသက်ဆက်နိုင်အောင် လုပ်ပေးတဲ့
ဘယ်နိုင်ငံမဆို စီးပွားရေးအရ အကျိုးဆက်တွေ ခံရနိုင်တယ် လို့
သတိပေးထားပါတယ်။ အမေရိကန်က အစ္စရေးနဲ့အတူ အီရန်ကို စစ်ပွဲစတင်ခဲ့တာ ခြောက်လနီးပါး
ရှိလာပြီဖြစ်ပြီး အခုတော့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
.
ဘက်ဆင့်ရဲ့
ပြောကြားချက်နဲ့ ပတ်သက်ပြီး ဝါရှင်တန်မြို့ရှိ တရုတ်သံရုံး
ပြောရေးဆိုခွင့်ရှိသူကတော့ “အီရန်နဲ့ ပတ်သက်တဲ့ ကိစ္စမှာ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဖိအားပေးတာတွေဟာ
ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ တာဝန်ရှိရှိ
ဆောင်ရွက်ပြီး နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေကနေတစ်ဆင့် ပြဿနာကို
ဖြေရှင်းဖို့ တရုတ်နိုင်ငံက တိုက်တွန်းပါတယ်” လို့
တုံ့ပြန်ထားပါတယ်။
.
၂၀၂၅
ခုနှစ် အချက်အလက်တွေအရ တရုတ်နိုင်ငံဟာ အီရန်က တင်ပို့တဲ့ ရေနံပမာဏရဲ့ ၈၀
ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
.
ဒါကြောင့်
အမေရိကန်အနေနဲ့ အီရန်အပေါ် စီးပွားရေးဖိအားတွေ ထပ်မံတိုးမြှင့်ပြီး
တရုတ်နိုင်ငံနဲ့ပါ စီးပွားရေးအရ ထိပ်တိုက်တွေ့လာမယ်ဆိုရင် အမေရိကန်အတွက်
အန္တရာယ်ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အမေရိကန်က အရေးကြီးတဲ့ ရှားပါးသတ္တုတွေ
အပါအဝင် ကုန်ပစ္စည်းအများအပြားကို တရုတ်နိုင်ငံကနေ တင်သွင်းနေရတာကြောင့်
တရုတ်ဘက်ကလည်း လက်တုံ့ပြန်လာနိုင်ပါတယ်။
.
အီရန်နိုင်ငံဟာ
၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေး ဖြစ်ပွားခဲ့ချိန်ကတည်းက စီးပွားရေးအရ
ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို နှစ်ပေါင်း ၅၀ နီးပါး ခံလာခဲ့ရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီကတော့ ထရမ့်ရဲ့ ပြောဆိုချက်ဟာ အမေရိကန် ဘဏ္ဍာရေးပြဿနာတွေကို အာရုံ လွှဲဖို့
ကြိုးစားတာလို့ ဝေဖန်ပါတယ်။ အမေရိကန်မှာ အစိုးရကြွေးမြီ စံချိန်တင်မြင့်တက်နေပြီး
အတိုးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သူက ပြောပါတယ်။
.
တရုတ်နိုင်ငံက
အီရန်နဲ့ စီးပွားရေးဆက်ဆံမှုတွေ ဆက်လုပ်နေတဲ့အပေါ် အမေရိကန်က တရုတ်နိုင်ငံ ကိုပါ
ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူနိုင်မလားလို့ မေးမြန်းရာမှာတော့ ဘက်ဆင့်က “တချို့ကိစ္စ တွေကို လူသိရှင်ကြားမဟုတ်ဘဲ
သီးသန့်ဆွေးနွေးတာက ပိုကောင်းပါတယ်” လို့
ပြန်လည် ဖြေကြားခဲ့ပါတယ်။
.
Ref –
Reuters

No comments:
Post a Comment