■ အဆိပ်အတောက်ဖြစ်စေသည့် မှိုများကို ရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးဌာန သတိပေးထား
.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ လင်းလေအင်းကျေးရွာတွင် ဩဂုတ်လ ၇
ရက်၊ ညပိုင်းက မှိုကြော်စားရာမှ လူ ၇ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.ပင်းတယမြို့နယ်၊ လင်းလေအင်းကျေးရွာနေ လူတစ်စုသည်
ကျေးရွာရှိ လက်ဖက်ခင်းအတွင်း တွေ့ရှိသည့် ဒေသအခေါ် မြေမှို ဟုအမည်ရသည့်
မှိုတစ်မျိုးကို ကြော်ချက်စားသောက်ရာမှ အစာအဆိပ်သင့် လက္ခဏာများ
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အသက် ၃ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင်
စုစုပေါင်း ၇ ဦးသည် မှိုကြော်စားပြီးနောက် ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊
အမြင်မှုန်ဝါးခြင်း၊ ဗိုက်နာ၍ ဝမ်းသွားခြင်း၊ စသည့် လက္ခဏာများ ဖြစ်ပွားခဲ့ပြီး
ပင်းတယပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် အဆိုပါ အစာအဆိပ်သင့်သူ ၇ ဦးသည်
ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။
.
“ငှက်စို့မှိုနဲ့ မှားပြီး စားလိုက်တော့ ၇ ယောက်
ဆေရုံရောက်လာတယ်။ သေတော့ မသေပါဘူး။ စိုက်ပျိုးရေးဌာန က စားလို့ရတယ်လို့ အသိအမှတ်ပြုထားတဲ့
မှိုတွေပဲ စားရမှာပေါ့။ တောထဲမှာ တွေ့တာနဲ့၊ တူတာနဲ့ စားလို့တော့ မရဘူးပေါ့။ ကျန်းမာရေးဌာန
မဟုတ်ရင်တောင် ရပ်ရွာလူကြီးလောက်တော့ ပြောသင့်ပါတယ်” ဟု ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
မှိုအပွင့်၏ အောက်ခြေတွင် အခွက်ပါရှိခြင်း၊
ရိုးတံတွင် ခြေချင်းပါရှိခြင်း၊ မှိုထီးရွက်တွင် အကြေးဖတ်များ ပြန့်ကျဲပါခြင်း၊
ထီးရွက်အောက် ပါးဟက်များဖြူခြင်း၊ မှိုထီးရွက် အရောင်အဆင်းတောက်ပခြင်းနှင့်
အစိမ်းရောင် မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း စသည့်လက္ခဏာများရှိသည့်
မှိုများမှာ အဆိပ်အတောက်ဖြစ်စေသည့်အတွက် ရှောင်ကြဉ်သင့်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
.

No comments:
Post a Comment