.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
.
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ
ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တဲ့ အကြောင်း
ဘရာဇီးနိုင်ငံဆိုင်ရာ ကိုလံဘီယာ ကောင်စစ်ဝန်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
.
.ဩဂုတ် ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့
ဒီရဟတ်ယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးတစ်ဦးနဲ့ ကိုလံဘီယာနိုင်ငံသူ အမျိုးသမီး ၃ ဦး
လိုက်ပါလာခဲ့ပြီး အမျိုးသမီး ၃ ဦးက မိသားစု တစ်စုတည်းက ဖြစ်တယ်လို့ သိရတာပါ။
.
ရဟတ်ယာဉ်က မြို့အစွန်မှာရှိတဲ့ တောင်တန်းတွေနဲ့
သစ်တောထူထပ်တဲ့ တီဂျူကာအမျိုးသား ဥယျာဉ်ပေါ်မှာ ရှုခင်းကြည့်ဖို့ ပျံသန်းချိန်မှာ
ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။
.
ရီယိုဒီဂျနေးရိုးမြို့တော်ဝန် အက်ဒွာဒို ကတော့
ခရီးသွားလုပ်ငန်းတွေမှာ ရေပန်းစားလာတဲ့ ရဟတ်ယာဉ်စီးပြီး
မြို့ရှုခင်းကြည့်အစီအစဉ်ကို ပိုပြီးကြပ်မတ်ဖို့ တောင်းဆိုသွားပါတယ်။
လုံခြုံရေးစည်းမျဉ်းအသစ်တွေ ချမှတ်ဖို့ လိုနေပြီး ဒီခရီးစဉ်တွေကို အနည်းဆုံး ၂
ပတ်လောက် ရပ်ဆိုင်းထားဖို့ကိုလည်း မြို့တော်ဝန်က အကြံပြုခဲ့တာပါ။
.
“တီဂျုကာအမျိုးသားဥယျာဉ်အတွင်း ဖြစ်ပွားခဲ့တဲ့
ရဟတ်ယာဉ်မတော်တဆမှုမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစု တွေအတွက် ဝမ်းနည်းကြောင်းနဲ့
ထပ်တူခံစားရကြောင်း အားပေးစကားပြောချင်ပါတယ်” လို့ အက်ဒွာဒိုက လူမှုကွန်ယက်မှာ
ရေးသားသွားခဲ့တာပါ။
.
လက်ရှိမှာတော့ ဘရာဇီးအမျိုးသားလေကြောင်း
အေဂျင်စီနဲ့ ချိတ်ဆက်နေပြီး ရဟတ်ယာဉ်ပျံသန်းမှုတွေ အပေါ် လုံခြုံရေးတိုးမြှင့်ဖို့
ဆောင်ရွက်နေတယ်လို့လည်း အက်ဒွာဒိုက ဆိုပါတယ်။
.
“မြို့တော်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့
အရေးယူမှုတွေကို ချက်ချင်းပြုလုပ်ပြီး မြို့တော်အတွင်း ပိုများပြားလာတဲ့
ရဟတ်ယာဉ်ပျံသန်းမှုတွေကို ကြီးကြပ်ဖို့ တောင်းဆိုထားပါတယ်။ လိုအပ်လာနိုင်တဲ့
အစီအမံတွေနဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးနိုင်ဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့
အသင့်ပြင်ထားပါတယ်” လို့လည်း အက်ဒွာဒို က ဆိုပါတယ်။
.
ရဟတ်ယာဉ်ပျက်ကျမှုဟာ တီဂျူကာ
အမျိုးသားဥယျာဉ်အတွင်းက ဝါးနဲ့ ပြုလုပ်ထားတဲ့ စေတီပုံစံ အဆောက်အအုံငယ် တစ်ခုအနားမှာ
ဖြစ်ပွားခဲ့တာပါ။ တီဂျုကာအမျိုးသားဥယျာဉ်က ရီယိုဒီဂျနေးရိုးမြို့ရဲ့ အဓိက
ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်ပြီး ခရစ်တော်ရုပ်တုနဲ့
ကမ်းရိုးတန်းရှုခင်းတွေကြောင့် ကျော်ကြားတဲ့ နေရာလည်း ဖြစ်ပါတယ်။
.
ရီယိုဒီဂျနေးရိုးမြို့ရဲ့
ကိုလံဘီယာကောင်စစ်ဝန်ကတော့ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားတဲ့ အမျိုးသမီး ၃ ဦးက မိသားစု
တစ်ခုတည်းက ဖြစ်ပြီး မိသားစုထဲက ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့
မွေးနေ့အထိမ်းအမှတ်အဖြစ် ခရီးထွက်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
.
မိသားစု ၆ ဦးပါဝင်တဲ့ ခရီးသွားအဖွဲ့က
ရဟတ်ယာဉ်ပေါ်မှာ လူ ၃ ဦးသာ လိုက်ပါနိုင်တာကြောင့် အုပ်စု ၂ စု ခွဲပြီး
ခရီးထွက်ခဲ့ရတာပါ။ သေဆုံးသူတွေက မွေးနေ့ရှင်မိန်းကလေးရဲ့ အဘွား၊ အဒေါ်နဲ့
ဝမ်းကွဲအစ်မ တို့ဖြစ်တယ်လို့ သိရပါတယ်။
.
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း
ရီယိုဒီဂျနေးရိုးအနောက်ပိုင်း ဒေါ့စ်ဘန်ဒေးရန်တက်စ် မှာ ရဟတ်ယာဉ် ၂ စင်း လေထဲမှာ
တိုက်မိခဲ့လို့ လူ ၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။
.
Source – Aljazeera
.

No comments:
Post a Comment