ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 8, 2026

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းမည်


တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်‌ ရွေချယ်နိုင်ရေး အတွက် ကြီးကြပ်ရေးအဖွဲ့များကို မကြာမီ ရက်ပိုင်းအတွင်း ရွေးချယ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

.

“ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ လုပ်မှာပါ။ ဌာနဆိုင်ရာတွေ တာဝန်ပေးထားတာ ရှိပါတယ်။ သူတို့တွေက နေ ရပ်/ကျေးနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဒီလ ၁၄ ရက်နေ့ အပြီးလို့တော့ လျာထားပါတယ်။ အဲဒီထက် တစ်ရက် နှစ်ရက်နောက်ကျတာတော့ ရှိမှာပေါ့။ ကြီးကြပ်ရေး ရွေးတာကတော့ ၂၀ ရက်နေ့ မကျော်ပါဘူး” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများကို တာဝန်ပေးအပ်ထားပြီး သက်ဆိုင်ရာ ရပ်/ကျေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်း၍ ရပ်ကွက် အလိုက် အဆင်ပြေသည့်နေ့များတွင် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

“ကြီးကြပ်ရေးအဖွဲ့ ၅ ဦးကို ပထမ ရွေးမယ်။ အဲဒီ ၅ ဦး ရွေးပြီးမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးကနေ ပြီးတော့ အုပ်ချုပ်ရေးမှူးကို အဆင့်ဆင့် ရွေးချယ်မှာပါ။ ကြီးကြပ်ရေးမှူး ၅ ဦး ရွေးပြီးမှ ကျန်တဲ့လုပ်ငန်းစဉ်တွေက ဆက် လုပ်လို့ ရမှာပေါ့။” ဟု တောင်ကြီးမြို့ပေါ်ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးကလည်း ပြောသည်။

.

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် သိက္ခာသမာဓိရှိပြီး ပြည်သူအများ လေးစားကြည်ညိုသည့် ရပ်မိရပ်ဖများထဲမှ ၅ ဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့ကို ဦးစွာ ဖွဲ့စည်းပြီး ဆယ်အိမ်စုမှူးများ၊ ရာအိမ်စုမှူး များကို အဆင့်ဆင့် ရွေးချယ်တင်မြှောက်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေ ပြည်သူများ၏ ဆန္ဒမဲ ဖြင့် ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ ပြည်သူရွေးချယ်တင်မြှောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသူ ကို ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အုပ်ချူပ်ရေးမှူးထံ တင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြု ခန့်ထား ရခြင်းဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်အတွင်း တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တလုံးကြီး စသည့် မြို့ ၄ မြို့ ပါဝင်ဖွဲ့စည်းထားပြီး ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၃၇၁ ရွာ ရှိကာ မြို့နယ် လူဦးရေ ၄ သိန်းကျော် ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

No comments:

Post a Comment

Pages