ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ပုံမှန်အတိုင်း ရောင်းချပေး လျက်ရှိသည်ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ထံက သိရသည်။
.
“စားအုန်းဆီကို ပုံမှန်အတိုင်း
ရောင်းချပေးနေပါတယ်။ အောင်ပန်းမှာ တစ်ပွိုင့်၊ တောင်ကြီးမှာ တစ်ပွိုင့် ချပြီးတော့
အနီးပတ်ဝန်းကျင် မြို့တွေကို ဖြန့်ပေးနေပါတယ်။ ရှမ်းမြောက်က မြို့နယ် ၆ ခုမှာလည်း
ပုံမှန် ရောင်းချပေးနေပါတယ်” ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက
ပြောသည်။
.
ရှမ်းပြည်နယ်တစ်ခုလုံး အနေဖြင့် စားအုန်းဆီ
တန်ချိန် ၁၄၀၀ ရရှိပြီး မြို့နယ် ၂၈ မြို့နယ်ကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကာ
မြို့နယ်အလိုက် ခွဲတမ်းရရှိမှုအပေါ် မူတည်၍ အိမ်ထောင်စုတစ်စုလျှင် လစဉ် တစ်ပိဿ ၂၅
ကျပ်သားမှ တစ်ပိဿာခွဲအထိ ရရှိကြောင်း ၎င်းထံက သိရသည်။
.
“လက်လီ ကိုယ်စားလှယ်တွေက သူတို့ ရတဲ့ပေါ်
မူတည်ပြီးတော့ ပုံမှန် ရောင်းနေကြပါတယ်။ အဖွဲ့စုံနဲ့လည်း မြေပြင်မှာ
စစ်ဆေးနေပါတယ်။ သူတို့ရတဲ့အပေါ် မူတည်ပြီး တချို့လည်း တစ်ပတ် ၇ ရက်လုံး
ရောင်းမပေးနိုင် ဘူးပေါ့။ မြရတနာက မေလ ၂၉ ရက်ကတည်းက သူမရောင်းတော့ဘူး။
တခြားတစ်ယောက်ကိုပဲ အဲဒီဧရိယာ အတွက် ရောင်းခွင့်ပြုပါလို့ တင်ပြလို့ တခြားဆိုင်ကို
ရောင်းခွင့်ပြုလိုက်တယ်။ သူ့ကို ဆီမပေးတော့ဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
.
စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို စားသုံးဆီ
တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ က အပတ်စဉ်
သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာပေးနေပြီး ရန်ကုန်မှ တောင်ကြီးမြို့အထိ သယ်ယူစရိတ်၊
လက်ကားအမြတ် ၂ ရာခိုင်နှုန်း၊ လက်လီအမြတ် ၂ ရာခိုင်နှုန်း စသည်တို့ကို တွက်ချက်ကာ
ဈေးနှုန်းသတ်မှတ် ရောင်းချပေးနေကြောင်း သိရသည်။
.
ယခုရက်သတ္တပတ်အတွက် စားသုံးဆီ
တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ က ထုတ်ပြန်ထားသည့်
စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းမှာ ၇၂၀၈ ကျပ် ဖြစ်ပြီး တောင်ကြီးတွင် ၈၂၈၅ ကျပ်
သတ်မှတ်ထားကြောင်း သိရသည်.
.
ယင်းကဲ့သို့ စားအုန်းဆီ တရားဝင် ရောင်းချခွင့်ရ
ဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးနေ သော်လည်း
ပြင်ပမှောင်ခိုဈေးကွက်မှာ ရှိနေဆဲဖြစ်ပြီး ပြင်ပတွင် စားအုန်းဆီတစ်ပိဿာလျှင်
အနည်းဆုံး ၁၂၀၀၀ ကျပ်မှ အများဆုံး ၁၃၀၀၀ ကျပ်ထိ ပေါက်ဈေး ရှိနေကာ နေရာဒေသနှင့် အရောင်းဆိုင် အပေါ် မူတည်၍ ဈေးနှုန်းကွာဟကြောင်း သိရသည်။
.
“အပြင်မှာတော့ တစ်ပိဿာ ၁၃၀၀၀ လောက် ပေးရတယ်။
တရားဝင်ထုတ်တဲ့ ဆီကတော့ ၈၀၀၀ ကျော်ပဲ။ တစ်ခါ ဝယ်ရင် တစ်ပိဿာပဲ ရတယ်။ တစ်လ ၂ ပိဿာ
ရပါတယ်။ ရတဲ့ ၂ ပိဿာက မလောက်ဘူး။ မိသားစု များတော့ ကျန်တာကို အပြင်မှာ ဈေးကြီးပေး
ဝယ်စားရတာပေါ့။” ဟု တောင်ကြီးမြို့နေ အိမ်ရှင်မ တစ်ဦးက
ပြောသည်။
.
တောင်ကြီးမြို့နယ်အတွင်း တရားဝင် ရောင်းချပေးနေသည့် စားအုန်းဆီ လက်လီအရောင်းဆိုင် ၇၀ ကျော် ရှိသော်လည်း စားသုံးသူအချို့မှာ လောက်ငမှု မရှိသည့်အတွက် ပြင်ပတွင် ဈေးကြီး ပေး၍ ဝယ်ယူနေရကြောင်း သိရသည်။

No comments:
Post a Comment