SSPP နှင့် NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 8, 2026

SSPP နှင့် NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံ


ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်ရှိ ရွှေအိမ်စံဟိုတယ် အစည်းအဝေးခန်းမ၌ ယမန်နေ့ သြဂုတ် ၇ ရက်က တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ SSPP ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖ၊ အတွင်းရေးမှူး (၃) စဝ်ပထွန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် စဝ်ဖူးလူနှင့် စဝ်စွမ်မောဝ်၊ ရုံးအဖွဲ့မှူး စဝ်အွန်မိန်းတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

.

တွေ့ဆုံဆွေးနွေးပွဲ၌ SSPP ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖက ယနေ့ ဆွေးနွေးပွဲတွင် ကောင်းမွန်သည့် ရလဒ် ရရှိမည်ဟု မျှော်လင့်ကြောင်း၊ SSPP အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာရေး အခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး “မူ”ကို အစဉ်အမြဲ ကိုင်စွဲထားကြောင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်ဆန္ဒ ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့ပြင် ဒေသဖွံ့ဖြိုးရေးကို ကြိုးစားဆောင်ရွက်နေပြီး တပ်မတော်နှင့်လည်း ထိတွေ့မှု မရှိကြောင်း၊ အတိတ်က ဖြစ်စဉ်များအား အမြဲသင်ခန်းစာ ယူပါကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်ထောင်စုအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ ရရှိထားသည့် အေးချမ်း တည်ငြိမ်မှုအား မပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်အား တည်ဆောက်နိုင်မည်ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

.

ထို့အပြင် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဒေသတွင်း မတည်ငြိမ်သည့် အခြေခံအကြောင်းရင်းများ ဖြစ်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို အဓိက ပပျောက်စေလိုကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ မဖြစ်ရန် လိုအပ်ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားသည်နှင့် ဒေသတွင်း အရင်းအမြစ် များစွာ ဆုံးရှုံးပါကြောင်းနှင့် ပထမအကြိမ် ဆွေးနွေးချက်များအား မည်သို့ဆောင်ရွက်နေသည်ကို နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

.

ထို့နောက် တက်ရောက်လာသူများက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပြည်သူလူထုဘဝဖွံ့ဖြိုးကောင်းမွန်စေရေး၊ နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအား လုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးအတွက် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဝမ်ဟိုင်းဒေသတွင် MPT အင်တာနက်လိုင်းများ ရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ၊ နယ်မြေကျော်လွန်ခြင်းကိစ္စများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

NSPNC သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

.

No comments:

Post a Comment

Pages