.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
.
အိန္ဒိယနိုင်ငံမှာ ရိုးရာမုန့်ထဲထည့်ထားတဲ့
လက်လုပ်ဗုံးတစ်လုံးစားမိရာကနေ ပေါက်ကွဲပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး
သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။
.
.
အိန္ဒိယကျေးလက်ဒေသတချို့မှာ တောဝက်တွေကို
သတ်ဖို့အတွက် မီးရှူးမီးပန်း ဒါမှမဟုတ် ကျောက်မိုင်းတွေကနေ ရရှိတဲ့
ယမ်းမှုန့်တွေကို မုန့်သားထဲထည့်ပြီး လက်လုပ်ဗုံးတွေ ပြုလုပ် အသုံးပြုကြပါတယ်။
တိရစ္ဆာန်က ကိုက်လိုက်တဲ့ အခါ ပေါက်ကွဲအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။
.
ဒါပေမဲ့ အဲဒီဗုံးတွေဟာ
အိန္ဒိယရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ ရက်စ်ဂူလာ နဲ့ ပုံစံတူပါတယ်။ ရက်စ်ဂူလာဟာ
လုံးဝိုင်းပြီး ပျော့ပျောင်းတဲ့ မုန့်လုံးဖြစ်ကာ သကြားရည်ထဲ စိမ်ထားတဲ့
မုန့်မျိုးဖြစ်ပါတယ်။ အဲဒီမုန့်ကို စားတဲ့အခါမှာလည်း တစ်လုံးလုံးကိုပါးစပ်ထဲထည့်ကာ
စားကြလေ့ရှိပါတယ်။
.
သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ်ရှိ ရာဂျင်ဒရာ
ဘာရိုတီယာ ဖြစ်ပြီး မတ်ဒယာပရာဒေ့ရှ်ပြည်နယ် အလယ်ပိုင်း၊ ဒင်ဒိုရီခရိုင်မှာ
အင်္ဂါနေ့က မီးပုံအနီး လူစုထိုင်နေချိန်မှာ ရွာသားတစ်ဦးက အဲဒီ “မုန့်” ကို
ယူလာပြီး နောက်တစ်ဦးက ဘာရိုတီယာကို ပေးခဲ့တာဖြစ်ပါတယ်။
.
“ဒီဒေသမှာ တချို့တိုင်းရင်းသားတွေက တောဝက်တွေကို
သတ်ဖို့ အသုံးပြုတဲ့ ဗုံးကို အဲဒီအမျိုးသားကို ပေးခဲ့တာပါ။ အဲဒီဗုံးက
သူ့ပါးစပ်ထဲမှာ ပေါက်ကွဲသွားပါတယ်” လို့ ရဲအရာရှိ ရေခါ ဆင်းဂ် က ပြင်သစ် သတင်းဌာန
အေအက်ဖ်ပီကို ပြောပါတယ်။
.
ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဘာရိုတီယာကို ဆေးရုံကို
အမြန်ပို့ခဲ့ပေမဲ့ သေဆုံးခဲ့ပါတယ်။
.
သူ့ကို အဲဒီ “မုန့်” ပေးခဲ့သူကိုတော့ ရာမဘဂတ်
ဘာရိုတီယာ လို့ ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ သူက အဲဒီပစ္စည်းကို ရက်စ်ဂူလာလို့
ပြောခဲ့တယ်လို့ နယူးအင်ဒီးယန်း အက်စ်ပရက်စ် သတင်းစာက ဖော်ပြပါတယ်။
.
ဒီဖြစ်ရပ်ကြောင့် ရွာထဲမှာ ထိတ်လန့်မှုနဲ့
စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သာမန်ညနေခင်း စကားဝိုင်းတစ်ခု ကနေ ဒီလို
ဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်လာတာကို ရွာသားတွေ နားမလည်နိုင်အောင် ဖြစ်နေတယ်လို့
သတင်းစာက ဖော်ပြပါတယ်။
.
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမျိုးသားနှစ်ဦးကို
ဖမ်းဆီးထားပြီး လူသတ်မှုမမြောက်တဲ့ လူသေဆုံးစေမှုနဲ့ တရားစွဲဆို ထားပါတယ်။
.
“သူ့ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလား၊
ဒါမှမဟုတ် စနောက်တာလားဆိုတာ ကျွန်မတို့ မသိသေးပါဘူး။ အဲဒါက စုံစမ်းစစ်ဆေးရမယ့်
အချက်ဖြစ်ပါတယ်” လို့ ရဲအရာရှိ ရေခါ ဆင်းဂ်က ပြောပါတယ်။
.
Ref – CBS News
.

No comments:
Post a Comment