.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
.
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်မှာ
တိုက်ခန်းအဆောက်အအုံတစ်ခု ပြိုကျပြီး လူ ၈ ဦး သေဆုံးခဲ့ ပါတယ်။ ကြာသပတေးနေ့မှာ
မိုးသည်းထန်စွာ ရွာနေတဲ့ကြားက ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကို
ဆက်လက်ရှာဖွေခဲ့ပေမဲ့ နောက်ထပ် လူတွေကို မတွေ့တော့ဘဲ ကယ်ဆယ်ရေး လုပ်ငန်းကို
အဆုံးသတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
.
.ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့
အဆောက်အအုံပြိုကျမှုနောက်တစ်နေ့မှာ မြို့တော်ဝန် ဇိုဟရန် မမ်ဒါနီ က
ပြိုကျတဲ့အဆောက်အအုံနဲ့ ကပ်လျက် ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ဆက်နွှယ်နေတဲ့
ကုမ္ပဏီ ၅ ခုကို စစ်ဆေး သွားမယ်လို့ ပြောပါတယ်။ အဲဒီကုမ္ပဏီတွေနဲ့ ဆက်နွှယ်တဲ့
ဆောက်လုပ်ရေး လုပ်ငန်းခွင် ၁၀၀ ကိုလည်း ထပ်မံ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
.
အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ
ဒီနှစ်အစောပိုင်းကတည်းက မြေတူးဖော်တဲ့လုပ်ငန်းတွေ လုပ်နေခဲ့တယ်လို့
ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေက ဖော်ပြပါတယ်။ စက်တင်ဘာလမှာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက
တာဝန်ရှိသူ တွေထံ တင်ပြထားတဲ့ အကြောင်းကြားစာမှာလည်း မြေတူးဖော်ရေးလုပ်ငန်းထဲမှာ
ကျောက်ဖောက်ခွဲမှု ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
.
အဆောက်အအုံပြိုကျမှုကြောင့် အပျက်အစီးတွေထဲမှာ
လူ ၆ ဦး သေဆုံးနေပြီး နောက်ထပ် ၂ ဦးကတော့ ဒဏ်ရာတွေ ကြောင့် နောက်ပိုင်းမှာ
သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၂ ဦး ပါဝင်ပြီး အရွယ်ရောက်သူ ၆
ဦးထဲမှာ ဆောက်လုပ်ရေးလုပ်သား ၂ ဦးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၁၈
ဦးရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ မီးသတ်သမား ၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
.
မြို့တော်အဆောက်အအုံစစ်ဆေးရေးအဖွဲ့တွေဟာ
အခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုလည်း လိုက်လံ စစ်ဆေးနေပါတယ်။
အဆောက်အအုံပြိုကျမှုနဲ့ ပတ်သက်ပြီး နယူးယောက်မြို့သားတွေ
စိုးရိမ်စရာတစ်ခုခုရှိခဲ့ရင် အမြန်ဆုံး သိရှိပြီး ဖြေရှင်းနိုင်ဖို့
ဒီစစ်ဆေးမှုတွေ လုပ်တာဖြစ်တယ်လို့ မြို့တော်ဝန် မမ်ဒါနီက ပြောပါတယ်။
.
မမ်ဒါနီကလည်း ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့
လူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုရှိခဲ့ရင် အပြည့်အဝ တာဝန်ယူစေမယ်လို့
ပြောပါတယ်။
.
ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ ၁၉၃၀ ခုနှစ်မှာ
ဆောက်လုပ်ထားတာဖြစ်ပြီး လူနေခန်း ၄ ခန်း ပါဝင်ပါတယ်။ အဆောက်အအုံမှာ
ရွှေ့ပြောင်းနေထိုင်သူ မိသားစုတချို့လည်း နေထိုင်ကြတယ်လို့ မမ်ဒါနီက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အီကွေဒေါနိုင်ငံသား ၂ ဦးလည်း ပါဝင်ပါတယ်။
.
အဆောက်အအုံဟာ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်မှာ
ပြိုကျခဲ့ပြီး ဘေးချင်းကပ် လူနေအဆောက်အအုံရဲ့ နံရံ တစ်ဖက်ကိုပါ ပျက်စီးစေခဲ့ပါတယ်။
အဲဒီအဆောက်အအုံရဲ့ လှေကားတွေ၊ အဝတ်သိုလှောင်ခန်းတွေနဲ့ အိပ်ခန်း တစ်ခန်းလည်း
ပေါ်ထွက်သွားခဲ့ပါတယ်။
.
ဘေးကင်းရေးစစ်ဆေးမှုတွေ
မလုပ်ဆောင်နိုင်သေးတဲ့အတွက် အဲဒီလမ်းတစ်ဖက်တည်းမှာရှိတဲ့ နောက်ထပ် လိပ်စာ ၃ ခုက
အဆောက်အအုံတွေကိုလည်း ယာယီရွှေ့ပြောင်းနေထိုင်ဖို့ အမိန့်ပေးထားပါတယ်။
.
ကြာသပတေးနေ့မှာ မိုးသည်းထန်စွာ ရွာနေတဲ့ကြားက
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေတူးစက် ၂ စီးနဲ့ အပျက် အစီးတွေကို
ရှင်းလင်းနေခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ လူ ၂၅၀ ခန့် ပါဝင်ပြီး နာရီပေါင်း ၂၄
နာရီ ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။
.
မွန်းတည့်အချိန်ခန့်မှာ မီးသတ်ဌာနအကြီးအကဲ
လီလီယန် ဘွန်စီညိုး က အပျက်အစီးအောက်မှာ လူတွေ ထပ်ရှိ နိုင်တယ်လို့ ယူဆထားတဲ့အတွက်
အပျက်အစီးကြီးတွေကို ဖယ်ရှားပြီး အောက်မှာ ရှာဖွေနိုင်တဲ့အထိ ကယ်ဆယ်ရေး လုပ်ငန်းကို
ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
.
ဒါပေမဲ့ နာရီအနည်းငယ်အကြာမှာတော့ မီးသတ်ဌာနက
အပျက်အစီးအောက်မှာ နောက်ထပ် လူတွေ ပိတ်မိနေခြင်း မရှိတော့ဘူးလို့ အတည်ပြုပြီး
ကယ်ဆယ်ရေးလုပ်ငန်းကို အဆုံးသတ်လိုက်ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment