.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာမီးပုံးပျံကွင်းအတွင်း
ပွဲလာပရိသတ် များပြားမှုနှင့်အတူ အမှိုက်ထွက်ရှိမှု များပြားပြီး တစ်ရက်လျှင် အမှိုက်ကား
၁၂ ခေါက်သိမ်းဆည်းနေရသည်ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံက သိရသည်။
.
.တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို
အဝေရာမီးပုံးပျံကွင်းအတွင်း နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍ ပြုလုပ်နေခြင်းဖြစ်ပြီး ပွဲတော်
တတိယနေ့ဖြစ်သော ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်အထိ နေ့စဉ် တစ်ရက်လျှင် အမှိုက်သိမ်းယာဉ်
၁၂ ခေါက်၊ ဝန်ထမ်း ၆၅ ဦးဖြင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း
သိရသည်။
.
“ပွဲလာဧည့်ပရိသတ်ကလည်း များတယ်။ အမှိုက်ကတော့ ထွက်ရှိမှု
များမှာပဲ။ အဓိက ကတော့ ပွဲလာပရိသတ် တစ်ဦးချင်းစီက ကိုယ့်အမှိုက်ကိုယ် တာဝန်ယူပြီး စနစ်တကျလေး
ပစ်ပေးမယ်ဆိုရင် သိမ်းဆည်းရတဲ့ ဝန်ထမ်းတွေ အတွက်လည်း သက်သာမယ်၊ မြို့တော် သာယာလှပရေးအတွက်လည်း
အထောက်အကူဖြစ်ပါမယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို
ပြောသည်။
.
စည်ပင်သာယာရေးဌာနမှ အမှိုက်သိမ်းဝန်ထမ်းများက ညစဉ်
မီးပုံးပျံပြိုင်ပွဲ ပြီးဆုံးချိန် နံနက် ၅ နာရီခွဲခန့်မှ မွန်းလွဲပိုင်း ညနေ ၃ နာရီခန့်အထိ
အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး
အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းများကလည်း အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်
ရှိသည်ဟု သိရသည်။
.
ကျင်းပပြုလုပ်လျက်ရှိသည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲသို့ ဒေသတွင်း ဧည့်သည် များအပြင် ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ
လာရောက်လည်ပတ်မှု များပြားပြီး ပွဲတော်ကျင်းပရာ အဝေရာ မီးပုံးပျံကွင်း အနီးဝန်းကျင်
အပြင် တောင်ကြီးမြို့ပေါ် လမ်းမများတွင်လည်း ယာဉ်အသွားအလာ များပြားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ
ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment