.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်
.
တရုတ်သမ္မတ ရှီကျင့်ဖျင်က
ကုန်သွယ်ရေးကာကွယ်ရေးဝါဒကို ဆန့်ကျင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကတိပြုပြောဆို ခဲ့ပြီး
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု တွေကို
ဝေဖန်ခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ ပြောဆိုမှုတွေဟာ ဒေါ်နယ်ထရမ့်နဲ့ အရေးကြီးတဲ့
သုံးနိုင်ငံတွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်မီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
.
.သူတို့နှစ်ဦးဟာ အမေရိကန်သမ္မတ ထရမ့်ဟာ
ဖိလစ်ပိုင်နိုင်ငံ မနီလာကနေ ထွက်ခွာလာမယ့် အချိန်မတိုင်မီ တရုတ် နိုင်ငံတောင်ပိုင်း
နည်းပညာမြို့တော် ရှန်ကျန်းမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ်
စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးမှာ
မိန့်ခွန်းပြောခဲ့ကြတာပါ။
.
ခေါင်းဆောင် ၃ ဦးဟာ ကြာသပတေးနေ့မှာ
အစည်းအဝေးပြင်ပ တွေ့ဆုံဖို့ရှိပြီး ရုရှား-ယူကရိန်းစစ်ပွဲနဲ့
အမေရိကန်-အီရန်စစ်ပွဲအပြင် ကုန်သွယ်ရေး၊ AI နဲ့
နျူကလီးယားလက်နက်တွေလို အခြားတင်းမာနေ တဲ့ အရေးကိစ္စတွေကိုလည်း
ဆွေးနွေးဖွယ်ရှိပါတယ်။
.
ဒီတွေ့ဆုံမှုကို ၁၉၄၅ ခုနှစ်က အမေရိကန်၊
ဗြိတိန်နဲ့ ဆိုဗီယက်ယူနီယံတို့ကြား ပြုလုပ်ခဲ့တဲ့ ယာလ်တာ ညီလာခံနဲ့
နှိုင်းယှဉ်မှုတွေ ရှိနေပါတယ်။ ယာလ်တာညီလာခံမှာ အင်အားကြီးနိုင်ငံတွေက
သြဇာလွှမ်းမိုး နယ်ပယ်တွေ သတ်မှတ် ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်အတွက်
အခြေခံချပေးခဲ့တာ ကြောင့် နောက်ပိုင်းမှာ အင်အားကြီးနိုင်ငံတွေ က
အားနည်းတဲ့နိုင်ငံတွေအပေါ် သဘောတူညီချက်တွေ ချမှတ်ပေးတဲ့ ဖြစ်ရပ်ကို ရည်ညွှန်းတဲ့
စကားလုံးတစ်ခု ဖြစ်လာပါတယ်။
.
ဒီအခြေအနေကြောင့် အထူးသဖြင့် ဥရောပနဲ့ အာရှက
စီးပွားရေးအင်အားငယ်တဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ စိုးရိမ် နေကြပြီး
ကမ္ဘာ့စစ်ရေးအင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားတွေကို
လျစ်လျူရှုသွားမှာကို စိုးရိမ်နေကြ ပါတယ်။
.
ရှီက သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ “လွတ်လပ်ပြီး
ပွင့်လင်းတဲ့ ကုန်သွယ်ရေး” ကို ထောက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။ ထရမ့် လက်ထက်မှာ
အမေရိကန်က အကောက်ခွန်တွေ တိုးမြှင့်ပြီး ပိုမိုတင်းမာတဲ့ နိုင်ငံခြားရေးမူဝါဒကို
ကျင့်သုံးလာချိန်မှာ တရုတ်နိုင်ငံကို ကမ္ဘာ့အဆင့်မှာ တည်ငြိမ်တဲ့ မိတ်ဖက်နိုင်ငံ
အဖြစ် ပုံဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
.
ဝါရှင်တန်က Nvidia လို
ကုမ္ပဏီတွေထုတ်လုပ်တဲ့ အဆင့်မြင့် AI ချစ်ပ်တွေ တရုတ်နိုင်ငံ
ရယူသုံးစွဲနိုင်မှုအပေါ် ကန့်သတ်ချက်အသစ်တွေ ထပ်မံချမှတ်ကြောင်း ကြေညာပြီးနောက်
ရှီရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ ဒါဟာ တရုတ်နဲ့ အမေရိကန်ကြား အားနည်းနေသေးတဲ့
ကုန်သွယ်ရေးအပစ်အခတ်ရပ်စဲမှုကို ပိုမိုရှုပ်ထွေးစေနိုင်ပြီး တရုတ်ကလည်း လက်တုံ့ပြန်မယ်လို့
ကတိပြုထားပါတယ်။
.
ရှီက စီးပွားရေးလုပ်ငန်းရှင်တွေကို
မိန့်ခွန်းပြောရာမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို
အဓိကထား တဲ့ စည်းမျဉ်း အခြေပြု နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ခိုင်ခိုင်မာမာ
ထောက်ခံရမယ်လို့ ပြောခဲ့ပါတယ်။ လွတ်လပ်ပြီး ပွင့်လင်းတဲ့ ကုန်သွယ်ရေးနဲ့
ရင်းနှီးမြှုပ်နှံမှုကို ထောက်ခံပြီး ကမ္ဘာ့စက်မှုနဲ့
ကုန်စည်ထောက်ပံ့ရေးကွင်းဆက်တွေ တည်ငြိမ်ချောမွေ့ စွာ လည်ပတ်နိုင်ရေးကို
ထိန်းသိမ်းရမယ် လို့လည်း ပြောပါတယ်။
.
အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်ရေးမိတ်ဖက်တွေက
တရုတ်နိုင်ငံဟာ ထုတ်လုပ်ရေးကဏ္ဍကို အထောက်အပံ့ပေးတဲ့ မူဝါဒတွေကြောင့် နှစ်စဉ်
ဒေါ်လာ ၁ ထရီလီယံကျော် ကုန်သွယ်ရေးပိုငွေ ရရှိနေတယ်လို့ ဝေဖန်ထားပါတယ်။
.
တရုတ်ကတော့ သူ့ရဲ့ စီးပွားရေးတိုးတက်မှုပုံစံဟာ
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေနဲ့ လိုက်မီဖို့ ကြိုးစားနေဆဲ စီးပွားရေး အတွက်
သင့်လျော်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ အခြားနိုင်ငံတွေက
တရုတ်ရဲ့ ထောက်ပံ့ရေးကွင်းဆက်လွှမ်းမိုးမှုဟာ နိုင်ငံရေးသြဇာအဖြစ် အသုံးချနိုင်တဲ့
အခြေအနေ ဖြစ်လာမှာကို စိုးရိမ်နေကြပြီး တရုတ်မူဝါဒတွေဟာ သူတို့နိုင်ငံတွေရဲ့
စက်မှုလုပ်ငန်းနဲ့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။
.
ရှီက တရုတ်အနေနဲ့ စက်မှုအခြေခံအဆောက်အအုံတွေမှာ
ဆက်လက်ရင်းနှီးမြှုပ်နှံပြီး အခြားနိုင်ငံတွေ အတွက်လည်း အကျိုးရှိစေမယ့်
နည်းပညာအသစ်တွေကို ဖွံ့ဖြိုးတိုးတက်စေမယ်လို့ ပြောပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး
စီးပွားရေး နိုင်ငံဖြစ်တဲ့ တရုတ်က အကောက်ခွန်တွေ လျှော့ချပြီး သူ့ရဲ့ဈေးကွက်
တွေကို ပိုမိုဖွင့်ပေးသွားမှာဖြစ်သလို ကာကွယ်ရေး ဝါဒနဲ့ တစ်ဖက်သတ်ဝါဒတွေကိုလည်း
ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။
.
အာရှအုပ်စုမှာ အမေရိကန်နဲ့ တရုတ်ကြား
ဆက်ဆံရေးတင်းမာမှုတွေ ရှိနေပေမယ့် အများစုကတော့ နှစ်နိုင်ငံ ဆက်ဆံရေး
တည်ငြိမ်နေမယ်လို့ မျှော်လင့်နေကြပါတယ်။ ထရမ့်နဲ့ ရှီတို့ဟာ ကြာသပတေးနေ့
ရှန်ကျန်းတွေ့ဆုံမှုအပြီး ဒီဇင်ဘာမှာ မိုင်ယာမီမြို့မှာ ကျင်းပမယ့် G20 အစည်းအဝေးမှာလည်း ဒီနှစ်အတွင်း စတုတ္ထအကြိမ် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
.
ယူကရိန်းက ခရိုင်းမီးယားနဲ့ ရုရှားကို
ဆက်သွယ်ထားတဲ့ အရေးကြီးတဲ့ Kerch လမ်းတံတားကို
ဖျက်ဆီးတိုက်ခိုက်ခဲ့ပြီး နောက် ပူတင်က စင်မြင့်ပေါ်တက်ရောက်
မိန့်ခွန်းပြောခဲ့ပါတယ်။ သူက အနောက်နိုင်ငံတွေကို “ယခင်က အာဏာ လွှမ်းမိုးခဲ့သူတွေ”
လို့ ရည်ညွှန်းပြီး ဥရောပဟာ “အရှက်ရစရာ ကျဆင်းမှု” ထဲ ရောက်နေတယ်လို့ ပြောပါတယ်။
ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားအပေါ် ချမှတ်ခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့
ပိတ်ဆို့အရေးယူမှုတွေဟာ ပြန်လည်သက်ရောက်ပြီး ရုရှားကို
ပိုမိုခိုင်မာစေခဲ့တယ်လို့လည်း ဆိုပါတယ်။
.
ပူတင်က ပိတ်ဆို့အရေးယူမှု၊ အကောက်ခွန်နဲ့
ပို့ကုန်ကန့်သတ်ချက်တွေဟာ တချို့အတိုင်းအတာအထိ တားဆီးနိုင် ပေမဲ့
စီးပွားရေးတိုးတက်မှုကို ရပ်တန့်စေနိုင်မှာ မဟုတ်သလို ပြိုင်ဘက်နိုင်ငံတွေရဲ့
စီးပွားရေးကိုလည်း ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
.
နောက်ပိုင်း နှစ်နိုင်ငံတွေ့ဆုံရာမှာ ရှီနဲ့
ပူတင်တို့က နိုင်ငံတကာအဆင့်မှာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ဟာ တည်ငြိမ် ပြီး
အပြုသဘောဆောင်စွာ လုပ်ဆောင်နေတယ်လို့ ချီးကျူးခဲ့ကြပြီး “ကမ္ဘာ့အင်အားစု များစွာ
ပါဝင်တဲ့ ကမ္ဘာ့စနစ်” ကို မြှင့်တင်နိုင်မယ့် လုပ်ဆောင်ချက်တွေ ဆက်လုပ်သွားမယ်လို့
ကတိပြုခဲ့ပါတယ်။
.
မနီလာမှာတော့ ထရမ့်က တောင်တရုတ်ပင်လယ်အတွင်း
အငြင်းပွားဖွယ် နယ်မြေတွေကြောင့် တရုတ်နဲ့ တင်းမာမှု တွေ တိုးလာနေချိန်
ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမယ်လို့
ကတိပြုခဲ့ပါတယ်။
.
တရုတ်နိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင်
ကင်ဂျုံအွန်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ ထရမ့်က အစောပိုင်းမှာ ပြောခဲ့ ပေမဲ့
အခုအချိန်အထိ အတည်ပြုထားခြင်း မရှိသေးပါဘူး။
.
ကရင်မလင်က ယာလ်တာညီလာခံနဲ့
နှိုင်းယှဉ်ပြောဆိုမှုတွေကို “နိုင်ငံရေးသိပ္ပံပညာရှင်တွေရဲ့ ကစားပွဲ” လို့ ပယ်ချ ခဲ့ပေမယ့်
ဒီတွေ့ဆုံမှုဟာ ကမ္ဘာ့ရေးရာတွေအပေါ် အကြီးအကျယ် သက်ရောက်မှုရှိမယ်လို့ ပြောပါတယ်။
တရုတ်က လည်း သုံးနိုင်ငံတွေ့ဆုံမှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို
မြှင့်တင်ပေးနိုင်မယ်လို့ ပြောပါတယ်။
.
အင်္ဂါနေ့မှာတော့ ထိုင်ဝမ်နဲ့ ဂျပန်တို့က
ရုရှားစစ်လေယာဉ်တွေ သူတို့ရဲ့ လေပိုင်နက်အနီး ဝင်ရောက်လာခဲ့တယ်လို့
ထုတ်ပြန်ခဲ့ပါတယ်။
.
ပူတင်က ကမ္ဘာကြီးဟာ “မတည်ငြိမ်တဲ့” အခြေအနေမှာ
ရှိနေတယ်လို့ ပြောခဲ့ပေမယ့် နိုင်ငံတွေအကြား သဘောထား ကွဲလွဲမှုတွေကို
စားပွဲဝိုင်းမှာ ထိုင်ပြီး ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရုရှား၊
တရုတ်နဲ့ အမေရိကန် ခေါင်းဆောင် ၃ ဦးရဲ့ လာမယ့် သုံးနိုင်ငံတွေ့ဆုံမှုကနေ
အကျိုးအမြတ်ကြီးမားစွာ ရရှိနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ပူတင်က ပြောပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment