.
ခရီးသွားများ အနေဖြင့် မိုင်းပန်မြို့သို့ ရောက်ရှိလည်ပတ် လေ့လာနိုင်စရာ မြို့အထင်ကရနေရာများ အဖြစ် မိုင်းပန်မြို့အဝင် မဟာတေဇာဓိပတိရွှေတိဂုံပုံတူစေတီတော်၊ မြစိမ်းတောင်စေတီ ရှုခင်းသာ၊ မိုင်းပန်ဇာတိသား ရှေးရှမ်းစာဆိုတော်ကြီး စဝ်ကောလီသမိုင်းကျောင်းတော်၊ ဒဏ္ဍာရီဆန်သော နန်းယေဆိုင်ကော်သမိုင်းဝင်တည်ရှိရာ နောင်လုံအင်းနှင့် အင်းကိုဖြတ်ကျော်တည်ဆောက်ထားသော လျှောက်လမ်းတံတားတို့က မန်းတောင်သမန်အင်း နှင့် ဦးပိန်တံတားအလား ရင်သပ်ရှုမောစွာဖြင့် သွားလာခံစားနိုင်ပေသည်။
.
ထို့အပြင် မိုင်းဖုန်းဆရာတော်ကြီး ဘဒ္ဒန္တဥာဏသံဝရ၏ တရားရေအေး တိုက်ကျွေးရာ မင်္ဂလာစုမ့်မိန်းစေတီတော်၊ ကုန်းပင်းကျောင်း ဗုဒ္ဓဂါယာ တည်ထားကိုးကွယ်ရာ နေရာများအပြင် လွိုင်မုံမိန်း ဗုဒ္ဓရုပ်ပွားတော် ဆုတောင်းပြည့်စေတီ နှင့် ယခုထင်ရှားကျော်ကြားလာခဲ့သော မိုင်းပန်တိမ်ပင်လယ်ရှုခင်းသာ နေရာများက မိုင်းပန်မြို့၏ အလှတရားများပင် ဖြစ်သည်ဟု ဆိုရပါမည်။
.
မိုင်းပန်မြို့အဝင် လမ်းမကြီးတစ်ဘက်တစ်ချက်စီ၌ တည်ရှိသော လယ်ကွင်းစိမ်းစိမ်း ကြက်သွန်ဖြူစိုက်ပျိုးခင်း တို့သည် လည်း ဆောင်းလယ်၊ ဆောင်းအကုန်နွေအကူး သမယကို ဖမ်းစားလျက်ရှိပေသည်။
.
မိုင်းပန်မြို့အဝင် ကမ္မဋ္ဌာန်းကျောင်းတိုက်သည်လည်း မိုင်းပန်မြို့သူမြို့သားများသာမက ရပ်နီးရပ်ဝေး ဓမ္မမိတ်ဆွေများ လာရောက်တရားအားထုတ်ရာစခန်းတစ်ခု အဖြစ်တည်ရှိလျက် သွားရောက်လေ့လာနိုင်သလို မြို့လယ်မွေတော် ကျောင်း၊ ညောင်ကိုးပင်ကျောင်း၊ ညောင်ခမ်းကျောင်း၊ နောင်လုံကျောင်း၊ နေဝန်းကျောင်းတိုက်နှင့် အခြား ထင်ရှားသည့်ဘုန်းတော်ကြီးကျောင်း များစွာ တည်ရှိပါသည်။
.
မိုင်းပန်မြို့မှတစ်ဆင့် သံလွင်တံတား(တာဆန်း)သို့လည်း သွားရောက်လည်ပတ်ရင်း အရှေ့သံလွင်မြစ်ပတ်ဝန်းကျင် သဘာဝအလှတရားများကို တစ်မျှော်တစ်ခေါ် ကြည့်ရှု ခံစားနိုင်ပါသည်။
.
မိုင်းပန်မြို့ရှိ အထင်ကရ နေရာတစ်ခုဖြစ်သော ဆံရှည်ကိုယ်တော်သမိုင်းပြတိုက်သည် မိုင်းပန်မြို့၏ အရှေ့ဘက်၊ မိုင်းပန်-တာဆန်း-မိုင်းတုံသွား မြို့ရှောင်လမ်း၏ ယာဘက် မြစိမ်းတောင်ကုန်းနှင့် မလှမ်းမကမ်း နေရာ၌ တည်ရှိပါသည်။
.
ဘဒ္ဒန္တဦးနန္ဒာ (ခေါ်) ဆံရှည်ကိုယ်တော် လောင်းလျာကို ၁၃ဝ၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် (၁-၁၁-၁၉၄၁) စနေနေ့တွင် မိုင်းပန်မြို့နယ်၊ ဝေါ်ဆွမ်ရွာ၌ ခမည်းတော် စာရေးလုံးကောယ + မယ်တော်ပါနန်းညိုတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ စိုင်းကာခမ်း ဖြစ်သည်။
.
၁၃၁၄ ခုနှစ်၊ အသက် ၁၂ နှစ်အရွယ်တွင် မိဘနှစ်ပါးတို့၏ ပစ္စည်းလေးပါးကို ခံယူ၍ မိုင်းပန်မြို့နယ်၊ ကန့်ကန်ကျောင်း ဆရာတော် ဘဒ္ဒန္တကုဏ္ဍလကို ဥပဇ္ဇျယ်ပြုကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ရှင်သာမဏေ ဘွဲ့တော်မှာ ရှင်နန္ဒာ ဖြစ်သည်။
.
ရှင်နန္ဒာသည် မိုင်းပန်မြို့နယ်၊ ကန့်ကန်ကျောင်းဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံ၌ လည်းကောင်း၊ ဆောဝ်းဝါးကျောင်း ဆရာတော် ဦးသောဘိတထံ၌လည်းကောင်း၊ နမ့်ဟူးကျောင်းဆရာတော် ဦးစန္ဒသီရိထံ၌လည်းကောင်း၊ မိုင်းပန်မြို့၊ မွေတော်ကျောင်းဆရာတော်၊ညောင်ကိုးပင်ကျောင်းဆရာတော် ဦးနန္ဒဓဇ ထံ၌လည်းကောင်း ပညာသင်ယူ ဆည်းပူးခဲ့ပါသည်။
.
၁၃၂၂ ခုနှစ်၊ သက်တော် ၂ဝ ပြည့်နှစ်တွင် မိုင်းပန်မြို့၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလင်းရွာနေ ဦးလုံးခမ်း+ဒေါ်ပါနွန်း တို့က ပစ္စည်းလေးပါးဒါယကာပြု၍ မိုင်းပန်မြို့၊ မွေတော်ကျောင်းဆရာတော် ဘဒ္ဒန္တ နန္ဒာကို ဥပဇ္ဇျယ်ပြုကာ မွေတော်ကျောင်း၊ ခဏ္ဍသိမ်တော်တွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်။
.
အရှင်နန္ဒာသည် ၁၃၂၄ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော်အဖြစ် စတင်ဝာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တိတ်ဆိတ်သော နေရာများကို ရွေးချယ်ကာ ဝိပဿနာ ကမ္မဋ္ဌာန်းတရားများအား ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ပါသည်။ ဆရာတော် သည် ဝိပဿနာ ကမ္မဋ္ဌာန်းတရားများ စသည်ကျင့်ကြံအားထုတ်သည့် အချိန်မှစ၍ ဝစီပိတ်ကျင့်သုံးကာ ဆံတော် များကိုလည်း ရိတ်ပယ်ခြင်းမပြုပဲ အရှည်ထားကာ ရင်းနှီးသောဒါယကာများနှင့် ဆုံတွေ့ရာမှာပင် ပြုံးရုံသာပြုံးပြလျက် နှုတ်ဆက်တတ်သောကြောင့် တချို့က”အရူးဘုန်းကြီး”တချို့က”တရားအောင်ဘုန်းကြီး”ဟု ပြောဆိုကြလေသည်။
.
၁၃၄၂ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် (၈-၁-၁၉၈၁) တနင်္လာနေ့၊ နံနက် ၄ နာရီခန့် အချိန် သက်တော် ၄ဝ ၊ ဝါတော် ၂ဝ အရတွင် ရောဂါဝေဒနာ ပြင်းစွာ ခံစားရပါသော်လည်း ဆေးဝါးကုသမှုမခံယူသဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
.
မိုင်းပန်မြို့သို့ လာရောက်လည်ပတ်ကြမည့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များအနေဖြင့် မိုင်းပန်မြို့နယ်အတွင်းရှိ အထင်ကရ နေရာတစ်ခုဖြစ်သော သမိုင်းဝင် ဆံရှည်ကိုယ်တော် ကျောင်းတိုက်သို့ သွားရောက်လေ့လာ ဖူးမြော်နိုင်ကြ စေရန် ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။
.
ကိုးကား - သာသနာနှစ် (၂၅၅၈) ဘဒ္ဒန္တနန္ဒာ (ခေါ်) ဆံရှည်ကိုယ်တော်မြတ်၏ အတ္ထုပ္ပတ္တိအကျဉ်း (မိုင်းပန်မြို့ ဆံရှည်ကိုယ်တော်သမိုင်းအထိမ်းအမှတ် ကဗ္ဗည်းကျောက်စာတိုင်မှ) ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
.
□ အယ်လ်စိုင်း (ရှမ်းအညာမြေ)
ကိုးကား - သာသနာနှစ် (၂၅၅၈) ဘဒ္ဒန္တနန္ဒာ (ခေါ်) ဆံရှည်ကိုယ်တော်မြတ်၏ အတ္ထုပ္ပတ္တိအကျဉ်း (မိုင်းပန်မြို့ ဆံရှည်ကိုယ်တော်သမိုင်းအထိမ်းအမှတ် ကဗ္ဗည်းကျောက်စာတိုင်မှ) ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
.
□ အယ်လ်စိုင်း (ရှမ်းအညာမြေ)




No comments:
Post a Comment