.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်
.
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ သောကြာနေ့ အောက်တိုဘာ ၁၆
ရက်က ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့
ဆန္ဒပြပွဲပြုလုပ်ဖို့ လူရာနဲ့ချီ စုဝေးလာချိန်မှာ အိန္ဒိယ ရဲတပ်ဖွဲ့က “ပိုးဟပ်”
လှုပ်ရှားမှုကို တည်ထောင်သူ အဘိဂျိ ခ်ဒီပ်ကေး၊ ကျောင်းသားခေါင်းဆောင်တွေနဲ့
ထောက်ခံသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
.
.
လူငယ်တွေဦးဆောင်တဲ့ ပိုးဟပ်ဂျန်တာပါတီ (CJP)၊
အတိုက်အခံအဖွဲ့တွေနဲ့ ကျောင်းသားအဖွဲ့တွေက အိန္ဒိယ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ
ဂျာနက်ရှ် ကူးမား နုတ်ထွက်ပေးဖို့ ဒီလအတွင်း နေ့တိုင်းနီးပါး ဆန္ဒပြနေကြတာပါ။
မဲစာရင်းပြင်ဆင်မှုက ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီရဲ့ အိန္ဒိယပြည်သူ့ပါတီ (BJP)
ကို အကျိုးရှိစေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
.
မဲစာရင်းပြင်ဆင်မှုအတွင်း မဲပေးခွင့်ရှိသူ ၁၃၀
သန်းကျော်ရဲ့ အမည်တွေကို ဖယ်ရှားခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့
ဘယ်ပါတီကိုမှ မျက်နှာသာမပေးဘူးလို့ ငြင်းဆိုထားပြီး မဲစာရင်းကနေ မှားယွင်းဖယ်ရှား ခံရသူတွေ
ပြန်လည်စာရင်းသွင်းနိုင်တယ်လို့ ပြောပါတယ်။
.
သောကြာနေ့ ဆန္ဒပြပွဲကိုတော့ ထောင်ဒဏ် ၅ ရက်
ချမှတ်ခံထားရတဲ့ CJP ခေါင်းဆောင် ၂ ဦးကို ထောက်ခံ တဲ့အနေနဲ့
ပြုလုပ်တာဖြစ်ပါတယ်။
.
ဒေလီမြို့လယ်က ကွန်နော့တ်ပလေ့စ်မှာ နိုင်ငံတော်အလံတွေ
ဝှေ့ယမ်းပြီး ဆန္ဒပြသူတွေ
စုဝေးခဲ့ကြပါတယ်။ ဒီပ်ကေးကတော့ ဒေလီမြို့လယ်က အိမ်တစ်အိမ်ကနေ ထွက်လာချိန်မှာ
ရဲတွေက ဖမ်းဆီးပြီး ရဲကားနဲ့ ခေါ်ဆောင်သွားပါတယ်။
.
ဆန္ဒပြမှုမှာ ထင်ရှားတဲ့ ကျောင်းသားတက်ကြွလှုပ်ရှားသူ
နီဟာ ဘိုရာကိုလည်း ထောင်နဲ့ချီတဲ့ ထောက်ခံသူ တွေနဲ့အတူ ကွန်နော့တ်ပလေ့စ်ကို
သွားရောက်ဖို့ ကြိုးစားချိန်မှာ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ရဲအရာရှိ ဆာချင် ရှာမာက
ဒီပ်ကေးနဲ့ ဘိုရာတို့ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိန်းသိမ်းထားတာဖြစ်တယ်လို့
ရိုက်တာသတင်းဌာနကို ပြောပါတယ်။
.
ရဲတွေက ဆန္ဒပြပွဲမလုပ်ဖို့ ဒီပ်ကေးကို အစောပိုင်းမှာ
သတိပေးခဲ့ပြီး ဒေလီမြို့လယ်မှာလည်း အဓိကရုဏ်း နှိမ်နင်းရေးဝတ်စုံ ဝတ်ဆင်ထားတဲ့
ရဲအင်အား ရာနဲ့ချီ ချထားခဲ့ပါတယ်။ ကွန်နော့တ်ပလေ့စ်က ဗဟိုပန်းခြံ ကိုလည်း
အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။
.
ဒါပေမယ့် ဆန္ဒပြသူ ၅၀၀ နီးပါးက အုပ်စုလိုက်
ကွန်နော့တ်ပလေ့စ်ကို ရောက်ရှိလာပြီး ဗဟိုပန်းခြံအနီး နေရာ ၆ ခုလောက်မှာ
ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတော်အလံတွေ ဝှေ့ယမ်းပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ ကြသလို
အချို့ကို ရဲတွေက ထပ်မံဖမ်းဆီးပြီး ရဲကားတွေနဲ့ ခေါ်ဆောင်သွားပါတယ်။
.
ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းနဲ့ နည်းပညာမြို့
ဘင်ဂါလူရူးတို့မှာလည်း ဆန္ဒပြပွဲငယ်တွေ ပြုလုပ်ခဲ့ကြပြီး အရှေ့ပိုင်း
ပတ်နာမြို့မှာလည်း ကျောင်းသားအဖွဲ့တွေက ဆန္ဒပြခဲ့ကြပါတယ်။
.
“ပိုးဟပ်” လှုပ်ရှားမှုဟာ မိုဒီနဲ့ သူ့ရဲ့ BJP ပါတီအတွက်
အကြီးမားဆုံး နိုင်ငံရေးစိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။
ဒီနှစ်အစောပိုင်းမှာလည်း ထောက်ခံသူတွေ ရက်သတ္တပတ်အတော်ကြာ ထိုင်သပိတ် ပြုလုပ် ခဲ့တာကြောင့်
စာမေးပွဲမေးခွန်းစာရွက် ပေါက်ကြားမှုတွေနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီး ဓမ္မိန္ဒရာ
ပရာဒန် နုတ်ထွက်ခဲ့ရပါတယ်။
.
မဲစာရင်းပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်
အကြီးအကဲရဲ့ လက်ထောက် ၂ ဦးက အတွင်းပိုင်း မှာ စိုးရိမ်မှုတွေ
ထုတ်ဖော်ပြောခဲ့တယ်လို့ အိန္ဒိယအက်စ်ပရက်စ် သတင်းစာက ဖော်ပြပြီးနောက် အခုနောက် ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
.
မဲစာရင်းကနေ ဖယ်ရှားခံရတဲ့ လူ ၁၃၀ သန်းထဲမှာ
သေဆုံးပြီးသူ ၂၈ သန်း၊ နေရာပြောင်းရွှေ့သွားသူ ၆၃ သန်းနဲ့ ရှာမတွေ့သူ ၃၀ သန်း
ပါဝင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
.
အတိုက်အခံပါတီတွေကတော့ ဒီဖယ်ရှားမှုတွေကြောင့်
ဟိန္ဒူအမျိုးသားရေးဝါဒီ အာဏာရပါတီကို ထောက်ခံ နိုင်ခြေနည်းတဲ့ မွတ်စလင်တွေနဲ့
အခြားလူနည်းစုတွေ ပိုပြီးထိခိုက်တယ်လို့ စွပ်စွဲထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့
BJP ပါတီကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
.
Ref
– CNA
.

No comments:
Post a Comment