ခေတ်ကာလက အွန်လိုင်းခေတ်၊ နည်းပညာမိုး ထိုးနေတဲ့အချိိိန်ခါ၊ ဖုန်းတစ်လုံးနဲ့ လုံးပါးပါးကြ တာ တစ်နေကုန်နောက်တစ်မိုးလင်းတဲ့အထိ။ လူတိုင်းလက်ထဲတယ်လီဖုန်းနဲ့ ပွတ်သဘင် ဆင်ယင်နေတဲ့အချိန် စာဖတ်ဖို့ တိုက်တွန်းရတာ လွယ်ပါ့မလားလို့ မေးခွန်းထုတ်ကြတယ်။ အမှန်တိုင်း ပြောရရင် လုံးဝမလွယ်ပါဘူး။ သူ့ ဖုန်း၊ သူ့ပိုက်ဆံ၊ သူ့လွတ်လပ်ခွင့်နဲ့သူ ပွတ်တာ ကိုယ်တွေသွားတားလို့မှ မရတာ။ မလွယ်မှန်း သိတဲ့အလုပ်ကို အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး ဘာလို့ လုပ်ကြတာလဲ ဆိုပြန်တယ်။ မျှော်မှန်းသလောက် အရာ မထင်ပေမယ့် လုပ်ဖို့လို အပ်လို့ လုပ်နေကြတာပါ။
,
စာဖတ်အား(အလွန်အမင်း) ကျဆင်းလာ တဲ့ တိုင်းပြည် ဆုတ်ယုတ်ခြင်းဘက်ဦးတည်တယ်တဲ့။ ဒါဆိုရင် စာဖတ်အားကောင်းရင် တိုးတက်အောင်မြင်တယ်ပေါ့။ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း စာဖတ်အား ကျဆင်းနေတာ အားလုံးအသိ ဖြစ်ပါတယ်။ ဘယ်အရာက သက်သေခံလဲ ဆိုတော့ ရပ်ကွက်တွင်း စာကြည့်တိုက်တွေနဲ့ စာအုပ်အငှားဆိုင်တွေပါ။ မျိုးသုဉ်းပျောက်ကွယ်သလောက် ဖြစ်နေပါ တယ်။ ရပ်ကွက်စာကြည့်တိုက်တွေနဲ့ပတ်သက် ပြီး သုံးသပ်ရရင် စာပေမြတ်နိုးသူတချို့ မားမား မတ်မတ် ရပ်တည် လုပ်ကိုင်နေတဲ့ ရပ်ကွက်တချို့က လွဲပြီး ကျန်တဲ့ရပ်ကွက်အတော်များများ စာကြည့်တိုက်တွေအသက်ဝင်ခြင်း မရှိတော့ပါဘူး။ အသက်ဝင်နေတဲ့ စာကြည့်တိုက်တချို့ လည်း စာကြည့်တိုက်သာ အသက်ဝင်ပြီး စာဖတ်သူ မဲ့လို့ အသက်ပျောက်သလို ဖြစ်တာကို တွေ့နေရပါတယ်။
.
စာအုပ်အငှားဆိုင် လောကအကြောင်း တော့သိပ်ပြောစရာ မရှိပါဘူး။ တောင်ကြီးတစ်မြို့လုံး လက်ချိုးရေရင်တောင် ၅ ဆိုင်မပြည့်တော့တဲ့ အနေအထားပါ။ ကျန်နေသေးတဲ့ဆိုင်တွေကလည်း စီးပွားရေးပြေလည် ဖြစ်ထွန်းလို့ ဆက်ဖွင့်ထားတာ မဟုတ်ကြပါဘူး။ ဆိုင်ပိုင်ရှင် တွေရဲ့ စာပေဝါသနာ အရင်းခံကြောင့် ဖွင့်ထားကြတာ ဖြစ်ပါတယ်။ (ထမင်းငတ် မယ့် အလုပ်ကို သံယောဇဉ်ကြီးတယ်ပြောရမှာပေါ့) စာအုပ် ငှားရမ်းဖတ်ရှုသူ ၅ ယောက်လောက်ဆိုင်ထဲ ဝင်တဲ့ရက်က အောင်မြင်တဲ့နေ့တစ်နေ့၊ အဲ့ဒီ ၅ ယောက်မှာ တစ်ဝက်လောက်က ဘော်ဒါ ကဏ္ဍနဲ့ ဖရီးကစ် ကန်တာ။ ကျန်တဲ့ တစ်ဝက်က တစ်လဆုံး၊ တစ်လဆိုင်းနဲ့ စာအုပ်ငှားရမ်းခ ရတာလည်း ရှိတယ်။ နည်းပညာနောက် မီးကောင်ပေါက် လင်နောက်လိုက်သလို ကောက်ကောက်ပါအောင် လိုက်သွားကတည်းက စာအုပ်အငှားဆိုင်လုပ်ငန်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
.
ကျွန်တော်တို့ စာအုပ်တွေဖတ်ချင်စိတ် တော့ရှိပါတယ်။ ဒါပေမယ့်စာဖတ်ချိန် မရှိတာက ခက်နေတယ်။ ဒီကျောင်းစာ သင်ပြီးတာနဲ့ ဟိုဘက်ကျောင်း အချိန် မီအောင်ပြေးရ ဟိုဘက်ကျောင်းပြီးတာနဲ့နောက်ထပ်သင်တန်းတွေက စောင့်နေ။ တစ်ချိန်နဲ့ တစ်ချိန်ကြားထဲမှာ အချိန်ခဏရပြန်တော့ စာတွေနဲ့နပန်းလုံး ထားရတာနဲ့ စာအုပ်စာပေတွေ မကြည့်နိုင်တော့ဘူး။ မနက်လင်းကတည်းက သင်လိုက်ရတဲ့စာ ညပိုင်းညနက်တဲ့အထိ မပြတ်နိုင်ဘူး။ လောဘကြီးပြီး လုပ်နေ သင်နေတာ မဟုတ်ပါဘူး။ မိသားစု စားဝတ်နေရေးအတွက် ဒီလောက်မှ မလုပ်ရင် မလောက်ငဘူးဗျ။ စာတွေနဲ့ နီးနီးကပ်ကပ်တော့နေရပါတယ်။ ကိုယ်သင်တဲ့စာ လောက်ပဲ နေ့စဉ် ဖတ်နေရတယ်။ ဖြစ်နိုင်ရင်တော့ ပြင်ပစာပေ၊ နေ့စဉ်သတင်းစာ၊ ဂျာနယ်တွေ ဖတ်နိုင်ရင် အကောင်းဆုံးပေါ့ လို့ လူငယ် ကျောင်းဆရာတစ်ယောက်က ပြောပါတယ်။
.
စာအုပ်စာပေ မဖတ်ဖြစ်ပေမယ့် အလွယ် ကူဆုံး အသုံးပြုလို့ရနေတဲ့ တယ်လီဖုန်းထဲက အကြောင်းအရာတွေကိုတော့ နေ့စဉ်ဖတ်ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ စာနဲ့ အနီးကပ်ဆုံး နေတဲ့ လူတောင် စာအုပ်စာပေ မဖတ်နိုင်တဲ့ အနေ အထား။ ဘယ်လိုပြောရမလဲ။ ဘဲရီးဂွတ်လို့တော့ ပြောလို့ မဖြစ်ဘူးလေ။ စာမဖတ်တဲ့တိုင်းပြည် ဆုတ်ယုတ်တယ်လို့ ဆိုထားတာကို။ ဖတ်ချင်စိတ် ရှိပေမယ့် သူ့မိသားစု စားဝတ်နေရေး လောက်ငဖို့ အချိန်ပြည့် ရုန်းကန်နေရတယ် ဆိုပြန်တော့ ဇွတ်တိုက်တွန်းလို့လည်း မရ။ တယ်လီဖုန်းနဲ့ ဘာတွေ ဖတ်ဖြစ်လဲ မေးကြည့်တယ်။ ဘာရယ်မဟုတ်ဘူး စိတ်အပန်းဖြေ ရောက်တတ်ရာရာပါပဲတဲ့။ တိိုင်းပြည်စီးပွားရေး ထိုက်သင့်သလောက် တိုးတက်ခဲ့ရင် သတ်မှတ်ချိန်အတွင်း လုပ်ကိုင်လို့ရတဲ့ ကိုယ်ပိုင်လုပ်ခ လစာနဲ့ ပြည်သူတွေ ချောင်လည်ခဲ့ရင် စာဖတ်အား ဒီလောက်ကျဆင်း မသွားဘူးလို့ အပြစ်ဖို့ ရမယ့်အတိုင်း ဖြစ်နေတယ်။
.
စာပေဆိုင်ရာနဲ့ပတ်သက်ရင် စာပေသမား တွေမှာသာ တာဝန်ရှိတယ်လို့ ယူဆတာတွေလည်း မြင်တွေ့နေရပါတယ်။ စာပေမြင့်မှ လူမျိုးတင့်မှာပါ။ တင့်တယ်တဲ့လူမျိုး၊ အားကောင်းတဲ့နိုင်ငံ၊ လှပတဲ့တိုင်းပြည် အနာဂတ်ကို တည်ထောင်ဖို့အတွက်တော့ စာပေနဲ့ ပတ်သက်ရင် နိုင်ငံသား အားလုံးမှာ တာဝန်ရှိနေတာ အမှန်ပါ။
.
ငါတို့တွေ စာဖတ်ခြင်း အလေ့အထနဲ့ ဘယ်လောက်အထိ ကင်းကွာနေလဲဆိုတာကို မီးပုံးပျံသွားလွတ်တဲ့ညမှ သိလိုက်ရတယ်။ ကျန်တဲ့ အချိန်တွေ ကိုယ့်အလုပ်နဲ့ကိုယ် ဆိုင်ကယ် မောင်းလိုက် အလုပ်ဇောကပ်လိုက်နဲ့ စာဖတ်ဖို့ နေနေသာသာ လမ်းဘေးကဆိုင်းဘုတ်တွေတောင် မဖတ်နိုင်ဘူး။ မီးပုံးပျံသွားလွတ်တဲ့ည ကတော့ အောက်ဆွဲတင်တဲ့ ကားပေါ် တက်စီးလာရင်း လမ်းတစ်လျှောက်တွေ့သမျှ ဆိုင်းဘုတ်တွေဖတ်ရတာ အရသာတစ်မျိုးပေါ့။ ဘာရယ်တော့မဟုတ်ပါဘူး။ စာမဖတ်တာကြာတော့ ဆိုင်းဘုတ်တွေ ဖတ်ရတာကို အရသာ တွေ့နေတာ။ အလုပ် လုပ်လိုက် ဖုန်းပွတ်လိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်လာတာ နှစ်တွေတော်တော်ကြာပြီ။ တယ်လီဖုန်းတွေ စျေး ပေါကတည်းက စာအုပ်အငှားဆိုင်လည်းမရောက်ဖြစ်တော့ဘူး။ စာပြန်ဖတ်ဖို့ကြိုးစားရဦး မယ်လို့ နည်းပညာအရူးကို လင်လုပ်မိနေတဲ့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။
.
အင်တာနက် နည်းပညာ ထောင်းလမောင်း ထအောင် (ကောင်းတာ မကောင်းတာ အသာထား) အားကောင်းတဲ့အချိန် ပုံနှိပ် စာအုပ်စာပေ ဖတ်ရှုဖို့ တိုက်တွန်းရတဲ့ အလုပ်က မလွယ်ပါဘူး။ လူကြီးသူမတွေကို တိုက်တွန်းရတာ ပို တောင် ခက်ခဲနေပါတယ်။ ဒါပေမယ့် မိတ်ဆွေကတော့ ပြောတယ်။ စာပေတွေနဲ့ ကင်းကွာသွားပြီး လမ်းဘေးက ဆိုင်းဘုတ်တွေ ဖတ်ရတာတောင် စာပေ ရဲ့ အရသာကို ခံစားမိတယ်တဲ့။ စာတွေ ပြန်ဖတ်နိုင်အောင် ကြိုးစားဦးမယ်လို့လည်း ဆိုတယ်။ အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံးဖြစ်အောင် ဆက်လက်တည်ဆောက်တဲ့နေရာမှာ အမှန်တကယ်တတ်သိ နားလည်တဲ့ ပညာရှင်တွေ လိုအပ်ပါတယ်။ အမှန်တကယ် တတ်သိနားလည်တဲ့ ပညာရှင်တွေဖြစ်ဖို့ စာတတ်ဖို့လိုအပ်ပါတယ်။ အမှန် တကယ် စာတတ်ဖို့ အမှန်တကယ် စာဖတ်ဖို့ လိုအပ်ကြောင်း မီးမှောင်းထိုးတင်ပြလိုက်ရ ကြောင်းပါ။


No comments:
Post a Comment