ဆိုင်က ခပ်မြင့်မြင့် ကုန်းလေးပေါ်မှာ ဆောက်ထားတော့ မြင်ကွင်း ကောင်းတယ် ပြောရမှာပေါ့။ အရှေ့ဘက်မှာ သက္ကရာဇ် ဘယ်လောက်တုန်းက ပေါက်နေမှန်း မသိတဲ့ သက်တမ်းရင့် ညောင်ပင်အိုကြီးတွေ ရှိတယ်။ ညောင်ပင်အိုကြီးတွေက နွေမိုးဆောင်း သုံးရာသီ အရိပ် အာဝါသ ကောင်းတယ်။ ညောင်ပင်အိုကြီးတွေ ကျေးဇူးက နွေပိုင်းမှာ ပိုသိသာတယ်။ ပူလောင်လောင် ပြင်းရှရှ နေ့ရက်တွေဆို ညောင်ပင်ကြီးတွေရဲ့ အရိပ်က အေးမြမှုတွေ ပေးစွမ်းတယ်။ ညောင်ပင်ကြီးတွေ တောင်ဘက်မှာ တောင်ကြီးမြို့ရဲ့ သမိုင်းဝင် စာသင်ကျောင်း တစ်ခု ရှိတယ်။ မြောက်ဘက်မှာ ဗုဒ္ဓသားတော်တွေရဲ့ စာသင်တိုက်ကြီး တစ်ခု။
.
အဲဒီ အရာတွေ အကုန်လုံး ကျော်ပြီး ကြည့်လိုက်ရင် တောင်နဲ့ မြောက် သွယ်တန်းနေတဲ့ တောင်ကြီးမြို့ရဲ့ အထင်ကရ ရွှေဘုန်းပွင့် တောင်တန်း။ ရွှေဘုန်းပွင့် စေတီ၊ ပတ္တမြားလိုဏ်ဂူ၊ ရွှေမုဌောနဲ့ တောင်ကြီးမြို့ သင်္ကေတလို့ ပြောနိုင်တဲ့ မင်္ဂလာတောင်ချွန်းက အတိုင်းသား။ တောနဲ့ တောင်က သဘာ၀အတိုင်း လှနေတယ် ပြောရလိမ့်မယ်။ ဆိုင်ပေါက်စထဲ ရောက်လာတတ်တဲ့ မိတ်ဆွေ ဧည့်သည်တွေ ဆိုင်ရှေ့နား ထိုင်ဖြစ်ရင် အဲဒီ ရှုခင်းကို ကြည့်ပြီး စိတ်အပန်း ဖြေကြတယ်။ တောင်နဲ့ မြောက် သွယ်တန်းနေတဲ့ တောင် ကျောကြီး တစ်ခုလုံး မျက်စိ တစ်ဆုံး အစအဆုံး မြင်ရတဲ့ ရှားပါး နေရာလေး တစ်ခု။ တစ်ခြမ်းစောင်း မြင်ရတာ မဟုတ်ဘူး။ ဟိုတစ်ကွက် ဒီတစ်စ မြင်ရတာ မဟုတ်ဘူး။ တောင်ကျောကြီး တစ်ခုလုံး အလယ်တည့်တည့်က မြင်နေရတာ။
.
တောင်နဲ့ မြောက် သွယ်နေတဲ့ ရွှေဘုန်းပွင့်တောင်တန်း၊ အသက်ကြီးရင့်နေတဲ့ ညောင်ညိုပင်အို၊ မိုးရာသီရောက်လို့ ရေပြည့်နေတဲ့ ကန်။ တောင်ကြီးမြို့က နေရာတစ်ခုတည်း ကွက်ကြည့်ရင်တောင် အလှတရားတွေ အပြည့်နဲ့။ နေရာလေးက အတော် ကြည့်လို့ကောင်းတဲ့ အကွက်အကွင်းလေး။ ရောက်လာတဲ့ မိတ်ဆွေ ဧည့်သည်တိုင်း ပြောစမှတ် ပြုတတ်ကြတယ်။ အားလုံးဆီက တူညီတဲ့ အကြောင်းခြင်းရာလေး တစ်ခုတော့ မှတ်ချက် ပြုကြတယ်။ ရှုခင်းက ကြည့်လို့ ကောင်းတယ်။ ကုန်းမြင့်လေးပေါ်က ဆိုတော့ တောင်တန်းကြီးရဲ့ အလှကို စိတ်ကြိုက် ခံစားလို့ရတယ်။ ဒါပေမဲ့ မျက်လုံးရှေ့မှာ ပင့်ကူမျှင်လို ရှုပ်ထွေးနေတဲ့ ကြိုးတွေက စိတ်ပျက်စရာ ကောင်းတယ်တဲ့။ တောင်တန်းကြီးရဲ့ အလှကို ခံစားပြီးရင် လူတိုင်းဆီက တူညီတဲ့ မှတ်ချက်။ ကြိုးတွေက ပင့်ကူမျှင်တွေထက်တောင် စိတ်ပျက်စရာ ကောင်းအောင် ရှုပ်နေတယ်။
.
ကြိုးတွေ သွယ်တန်းထားတဲ့ အနေအထားက သူတို့တွေ စိတ်ပျက်စရာလို့ မှတ်ချက် ပြုမယ်ဆိုလည်း ပြုချင်စရာ။ အဆိုးဆုံးက ဆက်သွယ်ရေး ကေဘယ်လ်ကြိုးတွေ။ တိုင်တွေကိုလမ်းမဘေး ကြုံသလို ထိုးစိုက်။ အိမ်အပေါက်ဝနား ဖြစ်နေလား၊ လမ်းသွား လမ်းလာတွေ အဆင်ပြေပါ့မလား၊ အိမ်ရှေ့တည့်တည့် သွားစိုက်လို့ အိမ်ရှင် ကြိုက်ပါ့မလား ဆိုတာ သူတို့ ခေါင်းထဲရှိပုံ မရဘူး။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင် တိုင်တွေ စိုက် ကြိုးတွေ ဖြစ်သလို သွယ်နဲ့ စိတ်ပျက်စရာတော့ အကောင်းသား။ လူသွားလို့ မလွတ် ကားသွားလို့ အဆင်တဲ့ ဒီလိုတိုင်စိုက် ကြိုးသွယ် လုပ်တာတွေ ဘယ်လို ခွင့်ပြုချက်နဲ့ ဆောင်ရွက်ကြတယ်တော့ မပြောတတ်။ စိစစ် ကြပ်မတ်မှု မရှိရင်တော့ အောက်ခြေဆိုတာ ထင်သလို လုပ်တတ်တဲ့ သဘာဝမျိုး ရှိကြတယ်။ လက်ရှိ မြင်ရတဲ့ အခြေအနေတွေကတော့ ကြပ်မတ်မှု မရှိသလောက်ဆိုတဲ့ အနေအထား။
.
အခုနောက်ပိုင်း လျှပ်စစ်မီးကြိုးထက် ဆက်သွယ်ရေး ကြိုးတွေက ပိုရှုပ်လာတယ်။ တိုင်စိုက်တာတွေ ကလည်း သူတို့ အဆင်ပြေမယ်ထင်တဲ့ နေရာ စိုက်ကြလားတော့ မပြောတတ်ဘူး။ တချို့နေရာတွေဆို အိမ်ရှင် ခွင့်ပြုချက် မရှိဘဲ တိုင်တွေ စိုက်ချင်သလို စိုက်သွားကြတယ်။ လမ်းမြေပေါ် စိုက်တာဆိုတဲ့ ပုံစံနဲ့ပေါ့။ လမ်းပေါ် စိုက်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အိမ်ရဲ့ အဝင်အထွက်ကိုတော့ အနှောင့်အယှက် မဖြစ်အောင် စိုက်ဖို့ လိုတာပေါ့။ ဆက်သွယ်ရေးတိုင် အများစု ကြည့်လိုက်ရင် ကြိုးတွေကလည်း ရှုပ်ထွေးနေတာ များတယ်။ တပ်ထားတဲ့ ကြိုးတွေကလည်း နိမ့်တော့ ကုန်တင်ကားကြီးတွေနဲ့ မကြာခဏ ဆိုသလို ချိတ်မိတိုက်မိတာတွေ ဖြစ်တတ်တယ်။ အဲဒီလို ဖြစ်တဲ့အချိန် လျှပ်စစ်မီးကြိုးတွေ မီးတိုင်တွေကို သွားချိတ်မိရင် အန္တရာယ် ဖြစ်တတ်တာတွေ ရှိတယ်။ ဖြစ်နိုင်ရင် ဆက်သွယ်ရေး တိုင်တွေကို ပြန်စိစစ်သင့်တယ်လို့ သုံးသပ်မှုတွေ ရှိလာတယ်။
.
အခုနောက်ပိုင်း ဆက်သွယ်ရေး ကုမ္ပဏီတွေ များလာတော့ သူ့ထက်ငါ အပြိုင်အဆိုင် တိုင်တွေထောင် ကြိုးတွေ သွယ်လုပ်ကြတော့ လမ်းမကြီးဘေးတွေ အပြင်၊ ရပ်ကွက်အတွင်းပိုင်း အထိ ကြိုးတွေက ရှုပ်ထွေးလာတယ်။ မိသားစုသုံး ဝိုင်ဖိုင်အင်တာနက် စနစ် ခေတ်စားလာတော့ ပင့်ကူမျှင်ထက် ဆိုးတဲ့ သပွတ်အူ လိုဖြစ်လာတယ် ပြောရမလားပါဘဲ။ တောင်ကြီးမြို့ရဲ့ အထင်ကရ လမ်းမကြီးတွေဘေး ကြည့်လိုက်ရင် သပွတ်အူထက် ရှုပ်တဲ့ ဆက်သွယ်ရေး ကြိုးတွေ မမြင်ချင် အဆုံး။ ခေတ်နဲ့ အညီ ကမ္ဘာနဲ့ အမီ ဝိုင်ဖိုင်အင်တာနက် ဆိုတာကြီး ဖြစ်လာတာတော့ ပြောစရာ မရှိပေါ့။ ခေတ်မီမီကမ္ဘာနဲ့ ကြည့်မြင်ရမှာကိုး။ ဆိုးတာက လုပ်ချင်သလို လုပ်ထားတာတွေ။ သောက်ဂရုမစိုက်တဲ့ အထာနဲ့ တိုင်တွေ စိုက်ကြတယ်။ လူမလွတ် ကားမလွတ် ကြိုးတွေ တန်းကြတယ်။ မတော်တဆမှု ဖြစ်ရင် လျော်ကြေးတောင်းဖို့ကတော့ အဆင်သင့်။
.
ဟိုမလွတ် ဒီမလွတ် ဆက်သွယ်ရေး ကြိုးတွေနဲ့ နောက်ထပ် ဒုက္ခ ရောက်နေကြတာ ကုန်တင်တွဲကား သမားတွေပါ။ အရှေ့မြို့ပတ်လမ်းဘက် မသိသာပေမယ့် အနောက်မြို့ပတ်လမ်းပေါ် မောင်းတဲ့ ကုန်တင်ကားသမား အများစု မကြာခဏ ဒုက္ခဖြစ်တာ တွေ့နေရတယ်။ ကုန်တင်တွဲကားတွေနဲ့ ဆက်သွယ်ရေး ကြိုးတွေ အများဆုံး ချိတ်မိတိုက်မိတဲ့ နေရာက တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ကုန်တင်တွဲကားသမားတွေ စိတ်ချလက်ချ မောင်းလို့ မရတဲ့ နေရာပါ။ လမ်းမဘေးတိုင်တွေမှာ တပ်ဆင် ထားတဲ့ ဆက်သွယ်ရေးကြိုးတွေက သပွတ်အူထက်တောင် ရှုပ်ထွေးပါတယ်။ ကြိုးတွေက အတော်ကြီးလည်း နိမ့်ပါတယ်။ မကြာခဏ ကုန်တင်တွဲကားတွေနဲ့ ချိတ်မိ တိုက်မိတာတွေ ရှိတယ်။ လွတ်လွတ်ကင်းကင်း မလုပ်ထားတော့ လုပ်စားသလို ဖြစ်နေတယ် ဆိုရမလား။


No comments:
Post a Comment