.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်း စက်သုံးဆီကို
မှောင်ခိုဈေးဖြင့် အဆမတန် ဈေးတင်ရောင်းချနေမှု များကို အရေးယူသွားမည်ဖြစ်ကြောင်း
ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ထံက သိရသည်။
.
.စက်သုံးဆီများအား မသမာသောနည်းဖြင့် ပြင်ပ မှောင်ခိုဈေးကွက်တွင်
တစ်ဆင့်ပြန်လည်ရောင်းချခြင်းအား တွေ့ရှိပါက ထိထိရောက်ရောက် ဖော်ထုတ် အရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း
ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
အနေဖြင့် မြို့နယ်နှင့် ခရိုင်ရုံးများ မရှိသည့်အတွက် သတင်း ရရှိနိုင်ရန်
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ
အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်
ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် ကိုယ်စားလှယ်များ၏ အကူအညီများဖြင့်
ပူးပေါင်းဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
တောင်ကြီး အပါအဝင်
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီများကို Online
အဆမတန်ဈေးတင်ပြီး မှောင်ခိုရောင်းချနေကြပြီး ၅ ဂါလံ ပုံးဝါတစ်ပုံး
လျှင် ၂၅၀၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။
.
“ကိုယ့်ပုံးနဲ့ကိုယ် လာယူပေးပါဆိုပြီးပြောတယ်။
ဆီဆိုင်မှာဝယ်ရင်တောင် ၁ သိန်းမကျော်ဘူးလေ။ အဲဒါကို ၂ သိန်းကျော် ကျမယ်ဆိုတော့ ဒုက္ခရောက်နေတဲ့
ပြည်သူအချင်းချင်းကို အခုလိုတွေလုပ်နေကြတာ သက်ဆိုင်ရာက အရေးယူပေးသင့်တယ်” ဟု
ရွှေညောင်မြို့နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် နေထိုင်သည့်
နေ့စားလုပ်သားတစ်ဦးကမူ “အပြင်မှာ ရတဲ့ဈေးနဲ့ဝယ်ပြီး အလုပ် ဆင်းနေရတာလေဗျာ။ ကျွန်တော်တို့လို
နေ့စားပန်းရံသမားက ဘယ်လိုလုပ် လိုင်စင်နဲ့ဝယ်နိုင်မှာလဲ။ အပြင်မှာ နီးစပ်ရာကဝယ်ပြီး
အလုပ်လုပ်နေရတာ။ ဥပဒေကိုပြောပြီး ကျွန်တော်တို့ကြတော့ ဆီဝယ် မရရင်ငတ်မှာလေ။ ဘယ်သူကတာ၀န်ယူပေးမှာလဲ”
ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် စက်သုံးဆီကို
QR စနစ်ဖြင့်သာ ရောင်းချပေးသဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ်၊
မော်တော်ဆိုင်ကယ် စီးနင်းနေရသည့် အခြေခံ လူတန်းစား နေ့စားလုပ်သား ပြည်သူများ အနေဖြင့်
ယင်းကဲ့သို့ မှောင်ခိုရောင်းချသည့် စက်သုံးဆီကို ဈေးကြီးပေး ဝယ်ယူနေရပြီး အခက်အခဲ အကြပ်အတည်းများ
ဖြစ်ပေါ်နေရကြောင်း သိရသည်။
.


No comments:
Post a Comment