.
၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်အတွင်းရှိ မိုးကြိုးစက်ကွင်း ထိမှန် သေဆုံးခဲ့သည့် နွားကောင်ရေ ၅၀ ခန့်အတွက်
နွားပိုင်ရှင်များအား ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့က
ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ယနေ့ မေလ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်နှင့်
ကမ္ဘောဇဖောင်ဒေးရှင်း ဦးဆောင်နာယ ဦးအောင်ကိုဝင်းက ယင်းကဲ့သို့ လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“နာယကကြီးရဲ့ လမ်းညွှန်ချက်နဲ့ ကမ္ဘောဇဖောင်ဒေးရှင်းကနေ
တစ်ကောင်ကို ၅ သိန်း သို့မဟုတ် ၇ သိန်း ထောက်ပံ့သွားပါမယ်။ ထောက်ပံ့ဖို့အတွက် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က
ကွင်းဆင်းနေပါပြီ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေပါတယ်”
ဟု ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက်မှ ဦးသူရစောသိန်း (ခ) ကိုတူးငယ် က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ဆီဆိုင်မြို့နယ်၊ ကောင်ဝါးတောင်ကျေးရွာနှင့် ၂
မိုင်ခန့် အကွာတွင် ပြီးခဲ့သည့် မေလ ၂၁ ရက်၊ ညနေ ၂ နာရီခွဲခန့်က နွားကောင်ရေ ၅၀
ခန့် မိုးကြိုး စက်ကွင်း ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မိုးကြိုးစက်ကွင်း ထိမှန်မှုကြောင့်
လွှတ်ကျောင်းထားသည့် နွားကောင်ရေ ၂၀၀ ဝန်းကျင်အနက် ကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ပြီး နွားကျောင်းသူမှာ
အနီးရှိ တဲအတွင်း မိုးခိုနေသည့်အတွက် အသက်ဘေး အန္တရာယ် မရှိခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment