သူ့နာမည်က ကိုမိုးကျော်နိုင်ပါ။ သူဟာ
ပုဂံမြို့ အနားမှာ ဆံပင်ညှပ်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်ထားသူ တစ်ယောက်ပါ။ သူက အသက်
၂၁ နှစ်ကျော်မှာတင် ဆံပင်ညှပ်ဆိုင်လုပ်ငန်း လုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး
မိဘ လက်ငုတ်လက်ရင်း အလုပ် ဖြစ်တဲ့ စိုက်ပျိုးရေး အလုပ်ကို ကျောခိုင်းဖို့
ဆုံးဖြတ်ခဲ့တဲ့သူပါ။
.
ဒါပေမယ့်
ဆံပင်ညှပ်ဆိုင် ဖွင့်ပြီး ၃ နှစ်လောက် အကြာမှာတော့ သူနေတဲ့ နေရာမှာ ဆံပင်ညှပ်ဆိုင်
ဖွင့်ထားတာက စီးပွားရေးအတွက် တွက်ချေ မကိုက်သလို၊ တိုးတက်မယ့် လမ်းလည်း
မရှိဘူးလို့ သူ ခံစားမိခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ ဆံပင်ညှပ်တဲ့ လက်ရာစွမ်းရည်က
တိုးတက်ဖို့ လိုသေးတယ်လို့လည်း သူ တွေးမိခဲ့တယ်။ ဒီတော့ သူ့ရဲ့ဆံပင်ညှပ်တဲ့ စွမ်းရည်တွေ
ပို တိုးတက်လာဖို့နဲ့ စီးပွားရေး အခွင့်အလမ်းကောင်းတွေကို ရှာဖွေဖို့ နေရာဒေသ
တစ်ခုကို သူ ချီတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါကတော့ အေးစိမ့်စိမ့် ရာသီနဲ့
တောင်ပေါ်မြို့ ဖြစ်တဲ့ တောင်ကြီးမြို့ဆီကိုပါပဲ။
.
“ ကျွန်တော့် အိမ်မှာ ညီအကို ၃ ယောက် ရှိတယ်။ ကျွန်တော်က အလတ်ပေါ့။
အငယ်ဆုံး ညီလေးက အခုမှ ၇ တန်း။ အကိုကြီးနဲ့ အဖေကတော့ စိုက်ပျိုးရေး လုပ်တာပေါ့လေ။
ဒါပေမယ့် ကျွန်တော်က စိုက်ရ ပျိုးရတာတွေ၊ ထွန်ယက်နေရတာတွေထက် ဆံပင်ညှပ်တဲ့ အလုပ်ကို
ပိုပြီး ဝါသနာပါခဲ့တယ်။ အဲဒါကြောင့်ပဲ တောင်ကြီးမှာ သင်တန်းတက်ပြီး အခွင့်အရေးတွေ
ရှာဖို့ ထွက်လာခဲ့တာ” လို့ ကိုမိုးကျော်နိုင် က ဆိုပါတယ်။
.
အခုတော့ ကိုမိုးကျော်နိုင် က
တောင်ကြီးမြို့ပေါ်က ဆံပင်ညှပ်ဆိုင် တစ်ခုမှာ သင်တန်း လာတက်နေပါပြီ။ ၁၀ သိန်းကျော်
ပေးရတဲ့ သင်တန်းခက ဈေးကြီးပေမယ့် သူ မသိသေးတာတွေ သင်ရတာကြောင့် အဆင်ပြေပါတယ် ဆိုတဲ့အကြောင်း
သူက ဆိုပါတယ်။
.
“ သင်တန်းခကတော့ ဈေးကြီးပေမယ့် ဆရာက ကျွန်တော်တို့ကို သေချာ သင်ပေးတယ်။
ပြောရရင် ပေးရတာနဲ့ တန်တယ်ပေါ့။ ဒီသင်တန်းက သင်ပေးတာတွေရယ်၊ ကျွန်တော် နဂိုကတည်းက
အခြေခံ တတ်ထားတာတွေရယ် ပေါင်းပြီး ဒီဖက်မှာ ဆံပင်ညှပ်ဆိုင်လေး တစ်ခုလောက်
ဖွင့်ဖို့ ဆုံးဖြတ်ထားတယ်” လို့လည်း သူ့ရဲ့ ရည်ရွယ်ချက်ကို ဖွင့်ဟပါသေးတယ်။
.
တောင်ကြီးမြို့ပေါ်မှာတော့ နာမည်ကြီးတဲ့ ဆံပင်ညှပ်ဆိုင်တွေက
အများကြီးပါ။ ဒါ့အပြင် ဆိုင်ခန်းခတွေက နေရာ အလိုက် ဈေးကြီးသလို၊ ဆံပင်ညှပ်ဆိုင် ဖွင့်မယ်ဆိုရင်
ဆိုင် အပြင်အဆင်တွေကိုပါ ပြန်လုပ်ရမှာမို့ အဲဒီ ကုန်ကျစရိတ်တွေက သူ့အတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။
.
“ဆိုင်ခန်းခက အနည်းဆုံး ၅ သိန်း ၆ သိန်းဗျာ။ တစ်နှစ်စာ ချုပ်ရမယ်ဆိုရင် သိန်း ၅၀ ၊ ၆၀ လောက် ဖြစ်နေပြီ၊ ပြီးတော့ ဆိုင်ဖွင့်မယ် ဆိုရင် အတွင်းပိုင်း အပြင်အဆင်လေးတွေလည်း လုပ်ရဦးမယ်၊ ဆံပင်ညှပ်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေလည်း ဝယ်ရဦးမယ်ဆို တော့ အဲဒီမှာတင် သိန်း ၈၀ လောက်က ရင်းထားရမလို ဖြစ်နေပြီ” လို့ ရှင်းပြသလိုလိုနဲ့ ညည်းတွားပါတယ်။
.
ကိုမိုးကျော်နိုင် အခု တက်နေတဲ့ ဆံပင်ညှပ် သင်တန်းမှာ
သူ့လိုပဲ တခြားဒေသတွေကနေ ရောက်လာကြတဲ့ လူငယ်တွေ တော်တော်များများ ရှိကြပြီး ဒီထဲက
အများစုက ကိုယ်နေတဲ့ ဒေသမှာ ဆံပင်ညှပ်ဆိုင်လေး တစ်ဆိုင် ပြန်ပြီး
ဖွင့်ချင်ကြတဲ့သူတွေပါ။
.
“ကျွန်တော်က ဟဲဟိုးကဗျ၊ ဟဲဟိုးမှာ နာမည်ကြီးတဲ့ ဆံပင်ညှပ်ဆိုင်က
တစ်ဆိုင်၊ နှစ်ဆိုင်လောက်ပဲ ရှိတော့ ကျွန်တော် သေချာလေး လုပ်တတ်သွားရင် သူတို့နဲ့ အပြိုင်ဖိုက်ဖို့
ဖြစ်နိုင်မယ်လို့ ထင်မိတယ်။ အရင်ဆုံးတော့ သင်တန်းကနေ ပညာ ယူရမှာပေါ့။ သင်တန်း ပြီးသွားရင်တော့
ဟဲဟိုးကို ပြန်ပြီး ဆံပင်ညှပ်ဆိုင်လေး လုပ်ကြည့်မယ်” လို့ ဟဲဟိုးကနေ လာပြီး
သင်တန်းတက်တဲ့ လူငယ် တစ်ယောက်ကလည်း သူ့ရဲ့ အိပ်မက်ကို ပြောပါတယ်။
.
တောင်ကြီးမြို့ပေါ်မှာ ဆံပင်ညှပ်ဆိုင် တစ်ဆိုင် ဖွင့်မယ်ဆိုရင်
အောင်မြင်ဖို့ အချိန် ဘယ်လောက် ယူရမလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူတို့က
မဖြေနိုင်ကြပါဘူး။ ဒါ့အပြင် လူငယ်တွေ ဖြစ်တာမို့ အရင်းအနှီးအနေနဲ့ အိမ်ကနေ
တောင်းရမှာ ဖြစ်ပြီး တကယ်လို့သာ အရှုံးပေါ်သွားရင် ဘာဆက်လုပ်ရမလဲ ဆိုတာကပါ
သူတို့အတွက် ဖိအား ဖြစ်လို့ နေခဲ့တာပါ။
.
“ ကျွန်တော်ကတော့ ရှုံးမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သေချာတယ်။
အဓိက က ဖောက်သည်ကို ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်ဖို့ပဲ။ ဒီလိုဆိုရင်
ကျွန်တော့်ဆိုင်လေး ရပ်တည်နိုင်ဖို့ မခက်လောက်ပါဘူး” လို့ ကိုမိုးကျော်နိုင်
က ပြောပါတယ်။
.
ဒါပေမယ့်လည်း ဆိုင်ခန်းခတွေ ဈေး ကြီးနေတာမို့ တောင်ကြီး ဘယ်နေရာမှာ
ဆိုင်ဖွင့်မှာလဲ ဆိုတဲ့ မေးခွန်းကတော့ ကိုမိုးကျော်နိုင် ကို
တော်တော်လေး တွေဝေသွားစေပါတယ်။
.
“ အရင်ဆုံး စဉ်းစားတာကတော့ တောင်ကြီး မဟုတ်ဘဲ
ဒီအနီးအနား မြို့လေးတွေပေါ့ဗျ၊ ညောင်ရွှေ၊ ရွှေညောင်၊ အေးသာယာ ပေါ့။
တောင်ကြီးကတော့ ဆိုင်ခန်းခနဲ့တင် ကျွန်တော် တတ်နိုင်ဦးမှာ မဟုတ်ဘူး။ အနီးအနား မြို့လေးတွေကျတော့
အခန်းခလည်း ဈေး သက်သာမယ်၊ အရမ်းကြီး နာမည်ကြီးဖို့ထက် ဆံပင်ညှပ်ဆိုင်လေး ဖွင့်ပြီး
ရပ်တည်နိုင်ဖို့ကိုပဲ အရင် လုပ်ရမှာပေါ့” လို့ ကိုမိုးကျော်နိုင် က ပြောပါတယ်။
.
ဒီနေ့ ခေတ်ကြီးထဲမှာတော့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ရှိနေဆဲဆို ပေမယ့်
မသေချာ မရေရာမှုတွေကလည်း ဒုနဲ့ဒေးပါ။ လူငယ် တချို့က ဘာလုပ်ရမှန်း မသိ
လမ်းပျောက်နေကြသလို တချို့ကလည်း ဘာလုပ်ရရင် ကောင်းမလဲဆိုတဲ့ အတွေးတွေနဲ့
စမ်းတဝါးဝါးပါပဲ။
.
ကိုမိုးကျော်နိုင် ကတော့ ဆုံးဖြတ်ထားပုံရတဲ့
အမူအရာနဲ့ နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။
“ကျွန်တော်ကတော့ ဒီနေရာမှာ အောင်မြင်အောင် လုပ်မှာ။ အောင်မြင်မှပဲ အိမ်ပြန်တော့မယ်” တဲ့လေ။
.
#KBZTai #Shan
#Article

No comments:
Post a Comment