ဘောလိဝုဒ်ရုပ်ရှင်လောကမှာ မုန်တိုင်း ထန်နေတဲ့ ရန်ဗီယာဆင်းနဲ့ Don 3 ပြဿနာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 27, 2026

ဘောလိဝုဒ်ရုပ်ရှင်လောကမှာ မုန်တိုင်း ထန်နေတဲ့ ရန်ဗီယာဆင်းနဲ့ Don 3 ပြဿနာ


ဘောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင် ရန်ဗီယာဆင်း တစ်ယောက် Don 3 ရုပ်ရှင်ကနေ မပြောမဆို နှုတ်ထွက်သွားခဲ့တာကြောင့် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ ရူပီး ၄၅ ကုဋေလောက် ဆုံးရှုံးမှုတွေ ရှိခဲ့ပြီး ဘောလိဝုဒ်မှာ လူစိ တ်အဝင်စားဆုံး အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။

.
အိန္ဒိယအနောက်ပိုင်း ရုပ်ရှင်လုပ်သား အဖွဲ့ချုပ် ဖြစ်တဲ့ (FWICE) က ဆင်း ကို ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး လူကိုယ်တိုင် လာရောက် ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဆင့်ခေါ်မှုကို လစ်လျူရှုခဲ့တဲ့အတွက် ရန်ဗီယာဆင်းနဲ့ တွဲပြီး အလုပ် မလုပ်ကြဖို့ တရားဝင် အမိန့် တစ်ရပ်ကို ထုတ်ပြန်လိုက်တာပါ။
.
FWICE ဆိုတာက အဖွဲ့ဝင် လုပ်သားပေါင်း ၅ သိန်း နီးပါးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း အသင်းပေါင်း ၃၂ သင်း ရှိတဲ့ အိန္ဒိယရုပ်ရှင်လောက ရဲ့ အကြီးဆုံး အဖွဲ့အစည်းပါ။ အနုပညာရှင်တွေအနေနဲ့ လုပ်ငန်းခွင်အတွင်း စာချုပ် ဖောက်ဖျက်မှုတွေ၊ ထုတ်လုပ်သူတွေဖက်က မမျှတမှုတွေ ရှိလာခဲ့ရင် သူတို့ရဲ့ အသက် မွေးဝမ်းကျောင်း အလုပ်တွေကို ထိခိုက်အောင် လုပ်ဖို့အတွက် ပိတ်ပင်လိုက်ဖို့ အထိ အာဏာ ရှိပါတယ်။
.
Don 3 ကို ထုတ်လုပ်မယ့် ကုမ္ပဏီ ဖြစ်တဲ့ Excel Entertainment က တာဝန် ရှိသူတွေဟာ FWICE ရုံးခန်းကို လူကိုယ်တိုင် လာရောက်ခဲ့ကြပြီး အဖြစ်အပျက်ကို ရှင်းလင်းခဲ့ကြတာပါ။ ကုမ္ပဏီအနေနဲ့ ရုပ်ရှင်အတွက် လိုအပ်တဲ့ ဟိုတယ် ပြင်ဆင်ခြင်း၊ ရိုက်ကူးရေး နေရာတွေအတွက် စရံ ပေးချေခြင်းနဲ့ လုပ်သား ၂၀၀ ကျော် အတွက် ပြည်ပခရီးစဉ် ကြိုတင်စာရင်း ပေးသွင်းခြင်းတွေ အပါအဝင် ကြိုတင်ပြင်ဆင်မှု အပိုင်းမှာတင် ၄၅ ကုဋေလောက် သုံးခဲ့တာကို အထောက်အထားတွေနဲ့ တင်ပြခဲ့တာပါ။
.
ကုမ္ပဏီဖက်က ဒီပမာဏကို ဆင်း ဆီကနေ လျော်ကြေးအဖြစ် တောင်းခံခဲ့တာ ဖြစ်ပြီး FWICE က ကြားဝင် ဖြေရှင်းပေးဖို့ ကြိုးစားခဲ့တာပါ။ ရန်ဗီယာဆင်း က ဒီကုမ္ပဏီနဲ့ ရုပ်ရှင် ၃ ကားရိုက်ဖို့ စာချုပ် ချုပ်ထားတာ ဖြစ်ပြီး ဇာတ်ညွှန်း ပြင်ဆင်မှုနဲ့ ကြော်ငြာဗီဒီယို ရိုက်ကူးမှုတွေမှာပါ ကိုယ်တိုင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
.
FWICE ဖက်က ရန်ဗီယာဆင်းကို ၁၀ ရက် တစ်ကြိမ်နှုန်းနဲ့ ၃ ကြိမ်တိုင်တိုင် ဆင့်ခေါ်ခဲ့ပေမယ့်လည်း ဆင်း ကတော့ တစ်စုံတရာ တုန့်ပြန်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ FWICE က ရန်ဗီယာဆင်းနဲ့ အလုပ် တွဲမလုပ်ကြဖို့ အိန္ဒိယအနောက်ပိုင်းက ရုပ်ရှင်လောကသား အားလုံးကို ကြေညာချက်ထုတ်လိုက်တာ ဖြစ်ပါတယ်။
.
ရန်ဗီယာဆင်း ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလကမှ Don 3 ကနေ နုတ်ထွက်ခဲ့တာပါ။ ဒီဇာတ်ကားကို ရိုက်ဖို့ စာချုပ် ချုပ်ဆိုထားတာ ၂ နှစ်နီးပါး ရှိနေပြီ ဖြစ်ပြီး ဇာတ်ညွှန်းတွေ ပြောင်းလိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မရိုက်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

.
Source : Indian Express

.
#KBZTai #Shan #Entertainment #Bollywood

No comments:

Post a Comment

Pages