၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို လက်ခံ ကျင်းပမယ့် ၃ နိုင်ငံလုံးမှာ ဖွင့်ပွဲ အခမ်းအနားတွေ ကိုယ်စီ ပြုလုပ်မှာ ဖြစ်ပြီး မက္ကဆီကိုက ပထမဆုံး ဖွင့်ပွဲ ကျင်းပမယ့် နိုင်ငံပါ။
.
ဒီနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီခွဲမှာ
ဖွင့်ပွဲအခမ်းအနား ကျင်းပမှာ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား သီချင်းဖြစ်တဲ့ “Dai
Dai” ကို ရှာကီရာနဲ့ ဘာနာဘွိုင်းတို့က ဖျော်ဖြေမှာ ဖြစ်ပါတယ်။ တခြား
အနုပညာရှင်တွေ ဖြစ်ကြတဲ့ အလက်ဟန်ဒရို ဖာနန်ဒက်စ်၊ ဂျေဘယ်ဗင်၊ မာနားနဲ့
တိုင်လာတို့လည်း ဝင်ရောက် ဖျော်ဖြေကြမှာပါ။ ဖျော်ဖြေပွဲ ပြီးတာနဲ့
အိမ်ရှင် မက္ကဆီကိုအသင်းနဲ့ တောင်အာဖရိက တို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန်
နံနက် ၁ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။
.
ကနေဒါနိုင်ငံ တိုရွန်တိုက ဖွင့်ပွဲကတော့ မနက်ဖြန် ဇွန်လ ၁၂ မှာ
စမှာပါ။ ဇွန်လ ၁၂ ရက်နေ့ ၊ မြန်မာစံတော်ချိန် ည ၁၂ နာရီ အချိန်မှာ
တိုရွန်တိုမြို့က BMO ကွင်းကြီးထဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဖျော်ဖြေမယ့်သူတွေက မိုက်ကယ်ဘူဘလေ၊ အလာနစ် မော်ရစ်ဆက်၊ အလက်ဆီယာ ကာရာ တို့အပြင်
ပါလက်စတိုင်း အဆိုတော် အယ်လ်ယန်နာနဲ့ နိုရာ ဖာတီဟီ တို့ပါ ပါဝင်ကြမှာပါ။ ဖျော်ဖြေပွဲပြီးတာနဲ့
အိမ်ရှင် ကနေဒါနဲ့ ဘော့စနီးယား အသင်းတို့က မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ မှာ ကစားကြမှာ ဖြစ်ပါတယ်။
.
အမေရိကန်ရဲ့ ဖွင့်ပွဲ အခမ်းအနားကတော့ ဇွန်လ ၁၃ ရက်မှာ ဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်ရဲ့
SoFi အားကစားကွင်းမှာ ပြုလုပ်မှာ ဖြစ်ပြီး မြန်မာစံတော်ချိန်
မနက် ၅ နာရီလောက်မှာ လုပ်ကြမှာပါ။ ဖျော်ဖြေပွဲမှာတော့ BlackPink ရဲ့ လီဆာ၊ ကေတီပယ်ရီ၊ ဖြူးခြား၊ အနစ်တာ နဲ့ ရီမာ တို့က ဖျော်ဖြေကြမှာပါ။ ဖျော်ဖြေမှု
ပြီးတဲ့ အချိန်မှာတော့ အိမ်ရှင် အမေရိကန်နဲ့ ပါရာဂွေးအသင်းတို့က မြန်မာစံတော်ချိန်
မနက် ၇ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။
.
ကမ္ဘာ့ဖလားပွဲတွေက မြန်မာစံတော်ချိန်နဲ့ ဆိုရင် ည ၁၀ နာရီခွဲ ၊ မနက် ၁ နာရီခွဲ ၊ မနက် ၂ နာရီခွဲတို့လို ညနက်ပွဲတွေ ပါသလို မနက်ခင်း ၄ နာရီခွဲ ၊ ၅ နာရီခွဲနဲ့ မနက် ၈ နာရီခွဲ ပွဲတွေပါ ပါတာမို့
မြန်မာပရိသတ်တွေကို အိပ်ရေး ပျက်စေမှာ အသေအချာပါပဲ။ အုပ်စုပွဲတွေက ဇွန်လ ၁၁ ကနေ ၂၈
ရက်အထိ ပြုလုပ်ကြမှာမို့ အုပ်စုပွဲတွေ တစ်ပွဲမကျန် ကြည့်ဖို့ဆိုရင် ကိုယ်ခံအား တော်တော်
ကောင်းဖို့တော့ လိုပါလိမ့်မယ်။ မိမိတို့ ဝါသနာအရ ဘောလုံးပွဲလည်းကြည့် ကျန်းမာရေးလည်း
ဂရုစိုက်ကြဖို့နဲ့ လောင်းကစား လုပ်ခြင်းဟာ ကောင်းသော လုပ်ရပ် မဟုတ်တာကို သတိချပ်ကြဖို့
အကြံပြုလိုက်ပါရစေ။
.
#KBZTai #Shan #WorldCup #FIFA

No comments:
Post a Comment