.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊
နယ်မြေ (၇) တွင် လူနေရပ်ကွက်အတွင်း နွား မွေးမြူထားခြင်းကြောင့် ပတ်ဝန်းကျင်တွင် အနံ့အသက်ဆိုးများ
ထွက်ပေါ်နေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံက
သိရသည်။
.
.
“ကျွန်မတို့အိမ်ဘက်မှာ ကလေးငယ်လည်း ရှိတယ်။ သက်ကြီးရွယ်အိုတွေလည်း
ရှိတယ်။ မွေးခါနီး ကိုယ်ဝန်ဆောင်မိခင်လည်း ရှိတယ်။ သူတို့က အိမ်ဝိုင်းထဲမှာပဲ နွားတွေမွေးတော့
နေ့စဉ်ရက်ဆက် ဒီနွားချေးအနံ့တွေနဲ့ အစားတောင် မစားနိုင်ဘူး။ လူနေတဲ့ ပတ်ဝန်းကျင်မှာ
တိရစ္ဆာန်မွေးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဘေးပတ်ဝန်းကျင်ကိုလည်း အားနာဖို့လိုတယ်”ဟု စိန်ပန်းရပ်ကွက်
နေဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း နွားမွေးမြူသူ အိမ်ရှင်သည် ယခင်က စိန်ပန်းရပ်ကွက်ရှိ
မိဘမဲ့ကျောင်းအနီးတွင် မွေးမြူခဲ့ခြင်းဖြစ်ပြီး တိုင်ကြားမှုများကြောင့် ယခုလက်ရှိ
စိန်ပန်းရပ်ကွက်၊ နယ်မြေ (၇) ရှိ ရွှေရည်ဝင်းလမ်း အတွင်းသို့ ပြောင်းရွှေ့ လာခြင်းဖြစ်ကာ
နေအိမ်အတွင်း နွား အနည်းဆုံး ၃ ကောင်ခန့် မွေးမြူထားသည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ
တာဝန်ရှိသူအား ဆက်သွယ်မေးမြန်း ရာတွင် “စည်ပင်တို့၊ မွေးကုတို့ ဌာနပေါင်းစုံအဖွဲ့နဲ့
ဝင်စစ်ပြီးပါပြီ။ အစ်နေ့ပြီးတာနဲ့ သူတို့ အပြီးရွှေ့ပေးဖို့ ဆုံးဖြတ် ထားတာရှိပါတယ်။
အခု အဲဒီနွားတွေ မရှိတော့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ ပုဒ်မ
၇၄ (က) တွင် မည်သူမျှ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်ကော်မတီ၏
ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ဖြစ်စေ၊
ထုတ်ပြန် ထားသည့် စည်းကမ်း၊ အမိန့်များနှင့် ဖြစ်စေ ညီညွတ်မှုမရှိလျှင် တိရစ္ဆာန်များထားရှိခြင်း၊
မွေးမြူခြင်းမပြုရ ဟု တားမြစ်ပြဌာန်းထားသည်။
.

No comments:
Post a Comment