အောင်မြေသစ် ကိုယ်ပိုင်ကျောင်းကို ရာသက်ပန် ပိတ်သိမ်းထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

အောင်မြေသစ် ကိုယ်ပိုင်ကျောင်းကို ရာသက်ပန် ပိတ်သိမ်းထား


ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်က ဖြစ်ပွားခဲ့သည့် အရွယ် မရောက်သေးသော ကျောင်းသူ မိန်းကလေး ငယ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းကို ရာသက်ပန် ပိတ်သိမ်းထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ လ ၁၅ ရက်က ကျောင်းတက်နေသည့် Grade 12 ကျောင်းသူတစ်ဦးကို ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေးက အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယင်း အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ဇာနည်သွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃ နှင့် ကာယိန္ဒြေပျက်စီးစေမှု ပုဒ်မ ၃၅၄ အပြင် ပုဒ်မ ၅၀၅ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကာ ပညာရေးဌာန အနေဖြင့်မူ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကိုယ်ပိုင်ကျောင်း ကို ရာသက်ပန် ပိတ်သိမ်း အရေးယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အမှုစစ်ပြီးတော့ ကျောင်းကို ရာသက်ပန် ပိတ်သိမ်းလိုက်တယ်။ အဲဒီတုန်း ကတော့ ဖေဖော်ဝါရီလထဲမှာပါ။ စာမေးပွဲတွေက စတော့မယ်။ ကျောင်းကတော့ ပိတ်သိမ်းလိုက်တယ်။ ဒါပေမဲ့ အဲဒီကျောင်းမှာ ရှိတဲ့ မူလတန်း ကနေ အထက်တန်းအထိ ကလေးတွေဟာ စာမေးပွဲက စနေပြီ။ ဒီအတိုင်း ပိတ်လိုက်ရင် အဲဒီ ကျောင်းမှာ ရှိနေတဲ့ ကလေးတွေ ကျတော့ စာသင်နှစ် တစ်နှစ် အတွက် ပြီးပြတ်အောင် လုပ်ရမယ့် ကိစ္စတွေကတော့ လုပ်ရတာပေါ့” ဟု ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအတွက် ဥပဒေကို ၂၀၂၃ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ကျောင်းတည်ထောင် ဖွင့်လှစ်ခွင့် နှင့် ပတ်သက်သည့် မူဝါဒ၊ သတ်မှတ်ချက်များ၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် မူဝါဒ၊ သတ်မှတ်ချက်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းထားပြီး ဖြစ်ကာ ချိုးဖောက်ပါက အရေးယူရမည့် ပြဏ်မှု ပြစ်ဒဏ်များကိုလည်း ပြဌာန်းထားပြီး ကိုယ်ပိုင်ကျောင်း တည်ထောင်သူများ၊ အုပ်ချုပ်သူများ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးလျက်ရှိကြောင်း သိရသည်။
.
စာသင်နှစ်တိုင်း ကိုယ်ပိုင်ကျောင်း အုပ်ချုပ်သူ၊ တည်ထောင်သူတွေကို ခေါ်ပြီးတော့ ဥပဒေနဲ့ လိုက်နာရန်၊ ရှောင်ကြဉ်ရန် အချက်တွေကို အသိပေးလေ့ ရှိပါတယ်။ အဲဒီပြဿနာ မပေါ်ခင်ကလည်း အစည်းအဝေး လုပ်ခဲ့တယ်။ ပြဿနာ ဖြစ်ပြီးနောက်ပိုင်းလည်း လုပ်ပါတယ်” ဟု ဒေါ်ယဉ်မင်းစုက ပြောသည်။
.
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ကြီးကြပ်ရေးအဖွဲ့ကို ပြည်ထောင်စုအဆင့်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ တိုင်း/ပြည်နယ် ပညာရေးမှူး က အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
.
အဆိုပါ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းအပြင် ရှမ်းပြည်နယ်အတွင်း စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် အခြား ကိုယ်ပိုင်ကျောင်းအချို့ကို ပိတ်သိမ်းခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးပြီး ဒဏ်ငွေတပ် အရေးယူခဲ့သည့် ကျောင်းများလည်း ရှိကြောင်း သိရသည်။
.
ကိုယ်ပိုင် ကျောင်းတွေမှာ ပညာရေးဌာန အငြိမ်းစားတွေ၊ ဆရာအတတ်ပညာ ရှိပြီးသားသူတွေကိုပဲ ကျောင်းအုပ်ခန့်ခွင့် ရှိတာပါ။ ဒါပေမဲ့ တည်ထောင်သူတွေကပဲ တစ်ကျောင်းလုံးကို လွှမ်းမိုးထားတယ်။ ကျောင်းအုပ်ကြီးတွေက ရုပ်ပြဖြစ်နေတယ်။ အဲဒါကြောင့် ကျောင်းတွေက အဲဒီလို ဒုက္ခရောက်တာပဲ။ ပညာရှင်ကို ပညာရှင်နေရာမှာ ထားပါ။ ကျောင်းအုပ်က ကျောင်းအုပ်အလုပ် လုပ်လိမ့်မယ်။ တည်ထောင်သူ က တည်ထောင်သူ အလုပ် လုပ်လိမ့်မယ်။ ဌာနရဲ့ အချိန်နဲ့ တပြေးညီ ညွှန်ကြားချက်တွေကို လိုက်နာဖို့၊ ကျောင်း လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့ဆိုတာ ကျောင်းအုပ်ကြီးတွေက တာဝန်ရှိတာပါ” ဟု ပညာရေးဌာန အရာရှိ က ဆိုသည်။

.
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့် အစိုးရကျောင်း ဟူ၍ ခွဲခြားထားသော်လည်း တစ်နိုင်ငံလုံးရှိ ကျောင်းများ အားလုံးတွင် နိုင်ငံတော်က ပြဌာန်းထားသည့် သင်ရိုးကိုသာ သတ်မှတ်ပြဌာန်းထားသည့် စာသင်ချိန်အတိုင်း သင်ကြားပေးရခြင်း ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းအချို့မှာ ယင်းစည်းမျဉ်းစည်းကမ်းကို လိုက်နာမှု အားနည်း နေကြောင်းလည်း သိရသည်။

.
#KBZTai #Shan #Taunggyi
.

No comments:

Post a Comment

Pages