.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်
.
■ ဆွစ်ဇာလန်-ကာတာ (နံနက် ၁-၃၀)
.
ဒီအုပ်စု ပထမပွဲမှာ ကနေဒါနဲ့ ဘော့စနီးယား တို့
သရေကျသွားခဲ့တဲ့အတွက် နိုင်တဲ့အသင်းအတွက် တော်တော်လေး အားသာချက် ရှိသွားမယ့်ပွဲပါ။
ဆွစ်ဇာလန်က ဒီအုပ်စုထဲမှာ နောက်တစ်ဆင့်တက်ဖို့ ရေပန်း အစားဆုံးအသင်းအဖြစ်ရှိနေပြီး
ကာတာ ကတော့ နာမည်ကျော်နည်းပြ လိုပီတီဂီရဲ့အသင်း ဖြစ်ပေမဲ့ ဒီအုပ်စုမှာတော့
အိမ်ဖြည့်အဆင့်လောက်ပဲ သတ်မှတ်ခံထားရတာပါ။
.
ဒါပေမဲ့ ရှာကွီရီ နားသွားတဲ့နောက် ဆွစ်ဇာလန်ရဲ့ ရလာဒ်တွေ
ထိုးကျနေခဲ့လို့ ဒီပွဲအတွက် ကာတာ အသင်းမှာလည်း မျှော်လင့်ချက်တော့ ရှိနေပါသေးတယ်။
.
ကာတာ က ပြည်တွင်းအခြေစိုက်ကစားသမားတွေနဲ့ပဲ
အသင်းကိုဖွဲ့စည်းထားတာဖြစ်ပြီး အဓိက ခံစစ်အတွဲ ဖြစ်တဲ့ ပက်ဒရိုနဲ့ ခူခီ အတွဲက
နှစ်ယောက်ပေါင်း အသက် ၇၀ ရှိနေပါပြီ။ တိုက်စစ်က သွက်ပြီး ဂိုးသွင်းအား ရှိတယ်ဆိုပေမဲ့
အသက်ရနေပြီဖြစ်တဲ့ ခံစစ်ပိုင်းက ဆွစ်ဇာလန်ကို တားဆီးနိုင်ပါ့မလားဆိုတာ စောင့်ကြည့်
ရမှာပါ။
.
ဆွစ်ဇာလန်ကတော့ တိုက်စစ်မှာ လိဒ်တိုက်စစ်မှူး
အိုကာဖော၊ ရင်းနက်စ်ရဲ့ အမ်ဘိုလို တို့ကစားကြမှာ ဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်
တိုက်စစ်ကစားသမား အန်ဒိုယီ ကိုလည်း ရွေးထားတာတွေ့ရပါတယ်။ ကွင်းလယ်မှာတော့ အာဆင်နယ်
ကွင်းလယ်လူဟောင်း ဇာခါ က ဦးဆောင်လာမှာဖြစ်ပြီး ခံစစ်အတွက် တကယ်အားကိုးရတဲ့
ဖေဘီယန်ရှား၊ ဂိုးသမား ဆွန်မာ တို့ နားသွားကြပြီမို့ ခံစစ်ပိုင်းမှာ လူသစ်တွေကို
တွေ့ရမှာပါ။
.
ဒီပွဲက ဆွစ်ဇာလန်ဖက်က တစ်ဖက်သတ်ဖိထားမယ့် ပွဲမျိုးဖြစ်ပြီး
ကာတာက ခံစစ်နဲ့ပဲ ဆော့ရမှာဖြစ်လို့ သွင်းဂိုးတွေအများကြီး တွေ့ရဖို့တော့မရှိပါဘူး။
ဂိုးနည်းနည်းနဲ့ကပ်ပြီး ဆွစ်ဇာလန်နိုင်သွားမယ့်ပွဲမျိုးပါ။
.
■ ဘရာဇီး-မော်ရိုကို (နံနက် ၄-၃၀)
.
ဒီပွဲက ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေထဲက
ပွဲကောင်းတစ်ပွဲပါ။ တောင်အမေရိကရဲ့အင်အားကြီးအသင်း ဘရာဇီးနဲ့ အာဖရိကထိပ်သီး
မော်ရိုကိုတို့တွေ့ကြမှာဖြစ်ပြီး အုပ်စု C ရဲ့ပွဲကောင်းတစ်ပွဲ
ဖြစ်လာမှာပါ။
.
ဘရာဇီးမှာ နေမာ မကစားနိုင်သေးလို့ တိုက်စစ်မှာ
အီဂေါသီယာဂို ကစားဖို့ရှိနေပြီး နောက်ချန်တိုက်စစ် နေရာတွေမှာတော့ ဗီနီးရှပ်၊
ကွန်ညာ၊ ရာဖင်ညာအတွဲ ကစားဖို့ရှိနေတာပါ။ ကွင်းလယ်မှာတော့ ဘရူနိုဂွီမာရေ့စ်နဲ့
ကာဆီမီရို ကစားမှာဖြစ်ပြီး ခံစစ်မှာ ဒါနီလို၊ မာကွင်ညိုစ်၊ ဂါဘရီယယ်နဲ့
ဆန်ဒရိုတို့ ကစားမှာပါ။
.
မော်ရိုကိုမှာတော့ တိုက်စစ်မှာ ဘရာဘင်ဒီယာ့ဇ်၊
ကွင်းလယ်မှာ အက်ဇယ်ဇူလီ၊ ခံစစ်မှာ ဟာကီမီနဲ့ မက်ဇာရာဝီ တို့
အမာခံကစားကြမှာဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံးလူစာရင်းကိုပဲ သုံးမှာပါ။
.
မော်ရိုကိုနဲ့ ဘရာဇီးရဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
၂ ကြိမ်မှာ တစ်ကြိမ်စီ နိုင်ထားကြတာဖြစ်လို့ ဒီပွဲမှာ ဘယ်သူအားသာမလဲဆိုတာ
ပြောရခက်ပါတယ်။
.
ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတွေမှာလည်း
နှစ်သင်းစလုံး ရလာဒ်တွေကောင်းခဲ့ကြပြီး ဘရာဇီးက ၅ ပွဲကစားပြီး ပြင်သစ်တစ်ပွဲကိုသာ
ရှုံးခဲ့သလို မော်ရိုကို ကတော့ ၅ ပွဲစလုံး ရှုံးပွဲမရှိ ကစားထားတာပါ။
.
ဘရာဇီးရဲ့ တိုက်စစ်ကစားပုံ ကောင်းတယ်ဆိုပေမဲ့
ခံစစ်မှာ လိုအပ်ချက်တွေရှိနေတာ၊ မော်ရိုကိုရဲ့ အသင်းလိုက် ကစားပုံ ကောင်းတာ
စတာတွေကြောင့် ဒီပွဲမှာ ဘရာဇီးနိုင်ဖို့ ထင်သလောက်တော့ လွယ်မှာ မဟုတ်ပါဘူး။
မော်ရိုကို သရေလောက် ရသွားနိုင်တဲ့ပွဲမျိုးပါပဲ။
.
■ စကော့တလန်-ဟေတီ (နံနက် ၇-၃၀)
.
စကော့တလန်အတွက်တော့ အုပ်စု C မှာ အချောင်ဆုံးဖြစ်တဲ့ ဟေတီကို အနိုင်ကစားနိုင်မှ ဘရာဇီး၊ မော်ရိုကို
တို့ကို ယှဉ်လို့ရမှာမို့ ဒီပွဲကို အနိုင်ကစားဖို့ ကြိုးစားမှာပါ။
.
ဟေတီက နှစ်ပေါင်း ၅၂ နှစ်အကြာမှာမှ
ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပြန်ရောက်လာခဲ့တယ် ဆိုပေမဲ့လည်း သူ့အသင်းလူစာရင်းက လျှော့တွက်လို့ရတာမျိုး
မဟုတ်ပါဘူး။
.
ဟေတီတိုက်စစ်မှာ ဆန်းဒါးလန်းတိုက်စစ်မှူး
အီဆီဒေါ ရှိနေပြီး ဝုဗ်အသင်းက ဘယ်လီဂတ် ကလည်း ကွင်းလယ်မှာ အဓိက
ထိန်းကျောင်းသူအဖြစ် ရှိနေတာပါ။ အသင်းလူစာရင်းမှာ ပြင်သစ်လိဂ်အသင်းတွေ ဖြစ်ကြတဲ့
နန်စီ၊ အော်ဇေး၊ အန်းဂါးစ်အသင်းက ကစားသမားတွေ ရှိနေတာမို့ လျှော့တွက်လို့တော့
ရမှာမဟုတ်ပါဘူး။
.
စကော့တလန်ကတော့ တိုမီနေး၊ မက်ဂင်း
တို့ရဲ့ကွင်းလယ်အားနဲ့ပဲ ကစားမှာဖြစ်ပြီး ခံစစ်မှာ ရောဘတ်ဆင်၊ ဘရန့်ဖို့ဒ်ရဲ့ဟစ်ကီ
တို့ကို အမာထားပြီး ကစားမှာပါ။ တိုက်စစ်မှာတော့ တိုရီနို တိုက်စစ်မှူး ချီအဒမ်စ်
ကစားမှာ ဖြစ်ပြီး ထုံးစံအတိုင်း သူတို့ရဲ့ကွင်းလယ်ကိုပဲ အားပြုကစားဦးမှာပါ။
.
နယူးဇီလန်ကို ၄-၀ နဲ့ အနိုင်ကစားပြခဲ့တဲ့
ဟေတီရဲ့ခြေစွမ်းကို လျှော့တွက်လို့ မရဘူးဆိုပေမဲ့ စကော့တလန်က
အသင်းကောင်းတစ်သင်းဖြစ်တဲ့အကြောင်း အများကြီးသက်သေပြထားပြီးပါပြီ။ ဒါ့အပြင်
ဒီပွဲမှာ ၃ မှတ်ရမှသာ နောက်တစ်ဆင့်အတွက် စကော့တလန် မျှော်လင့်ထားလို့ရမှာမို့
ဒီပွဲက စကော့တလန် အနိုင်သေချာတဲ့ပွဲမျိုးလို့ ပြောရမှာပါပဲ။
.

No comments:
Post a Comment