.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု
မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီးဖြစ်သည်ဟု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ
သန့်ဇော်လွင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်ဟု သိရသည်။
.
.ဇွန်လ ၁၁ ရက်က ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ တွင် တာချီလိတ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ငြိမ်းအောင်၏ တာချီလိတ် မြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး
လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေ ကြယ်ပွင့်ပြမေးခွန်း
မေးမြန်းမှုကို ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
.
မေးခွန်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး
ဒေါက်တာသန့်ဇော်လွင်က တာချီလိတ်မြို့ ရေကြီးရေလျှံမှု အန္တရာယ် ကြိုတင်ကာကွယ် တာဆီး
နိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် ဆောင်ရွက်နေပြီး ၂၀၁၅-၂၀၁၆
ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍရေးနှစ်အလိုက် ရေထိန်းတံခါး၊ မြောင်းရေထိန်းတံခါးနှင့်
ရေထိန်းတံခါး အဆောက်အအုံများတွင် ရေစုပ်စက်နှင့် အင်ဂျင်များ တပ်ဆင်ကာ
အရေးပေါ်အသုံးပြုနိုင်အောင် ဆောက်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
.
“ဒီမေးခွန်းက မေးကို မေးရမယ့် မေးခွန်းပေါ့။ တာချီလိတ်မှာ
ရေကြီးရေလျှံကိစ္စက နှစ်စဉ် ဖြစ်ပေါ်နေတာ လေ။ လူထုက ဒီကိစ္စကို ဖြေရှင်းစေချင်တဲ့
ကိစ္စဖြစ်ပါတယ်။ ကျွန်တော် နေပြည်တော်ရောက်တာ နှစ်ပတ် ကျော်သွားပြီ။ ဒီမရောက်ခင် တာချီလိတ်မှာ
ကွင်းဆင်း စစ်တုန်းကတော့ ရေထိန်းနံရံတွေလည်း တော်တော် ပြီးပါပြီ။ မယ်ဆိုင်ချောင်း ဆယ်တယ်၊
ရွှေဝါနဒီချောင်း ဆယ်တယ်၊ ပုန်းထွန်းမှာ မြောင်းတွေဆယ်တယ်။ အဲဒီလုပ်ငန်းတွေကတော့ ကျွန်တော်
ဒီမလာခင် တော်တော်များများ ပြီးနေတာတော့ တွေ့ရတယ်။ ဒါပေမဲ့ ဒုဝန်ကြီးဖြေသလို အားလုံး
ဟုတ်/မဟုတ်ကတော့ တာချီလိတ်ပြန်ပြီး ကွင်းဆင်းကြည့်မှပဲ ပြောလို့ရမှာပေါ့” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ငြိမ်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တာချီလိတ်မြို့ခံတစ်ဦးကလည်း
“လုပ်တာတွေက ကောင်းပါတယ်။ ဒါပေမဲ့ အရည်အချင်း ယှဉ်တဲ့အခါကျတော့ ဘတ်ဂျက်သုံးစွဲမှုကော၊
စနစ်ကျမှုကော အများကြီးကွာတယ်။ ဒေသခံတွေကတော့ အားရမှု မရှိပါဘူး။ မလုပ်တာနဲ့စာရင်တော့
လုပ်တာက ပိုကောင်းတာပေါ့။ ရေမြောင်းတွေလည်း တကယ်လိုအပ်တဲ့ နေရာတွေမှာ မလုပ်သေးဘူး။
လုပ်နေတယ်ဆိုပေမဲ့ မြို့လယ်ခေါင် တချို့နေရာတွေမှာ ရေစီးရေလာက အခုထိ မကောင်းသေးဘူး။
မြို့ကို စေတနာမရှိဘူးလို့ လူထုက ခံစားရတယ်။ ဒုဝန်ကြီးပြောသလို အားလုံးပြီးပြီ ဆိုတာက
စာရွက်ပေါ်မှာတော့ ပြီးနေတာပေါ့။ မြေပြင် မှာတော့ တကယ်လိုအပ်တဲ့ နေရာတွေ မပြီးသေးပါဘူး”
ဟု ၎င်း၏အမြင်ကို ပြေသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန
တာဝန်ရှိသူတစ်ဦးက တာချီလိတ် မြို့ ရေကြီးရေလျှံမှု ကာကွယ်ရေးတွင် အဓိကအားဖြင့် မယ်ဆိုင်ချာင်း
ရေစီးရေလာ ကောင်းမွန်ရေးနှင့် မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေး ဟူ၍ အဓိက အပိုင်း
နှစ်ပိုင်းရှိပြီး မယ်ဆိုင်ချောင်းအတွက် မြစ်ချောင်းဌာနက ဆောင်ရွက်ကာ မြို့တွင်းရေစီးရေလာ
ကောင်းမွန်ရေးကိစ္စကို စည်ပင်သာယာရေးဌာနက ဆောင်ရွက်ရကြောင်း၊ တာချီလိတ်မြို့လယ်ရှိ
မယ်ခေါင်ချောင်း၊ နမ့်ယွန်းချောင်း၊ ဆန်ဆိုင်းချောင်းများ ဆယ်ယူရေးလုပ်ငန်း ရာနှုန်းပြည့်
ပြီးစီးပြီဖြစ်ကြောင်း၊ မိုများပြီး ရေကြီးရေလျှံမှု ဖြစ်လာပါကလည်း ရေထိန်းတံခါးများ
ဖွင့်နိုင်၊ ပိတ်နိုင်အောင် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ကြိုတင်ကာကွယ်မှု၊
ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
တာချီလိတ်မြို့တွင် မိုးရာသီ ကာလရောက်တိုင်း ရေကြီးရေလျှံမှု
ပြဿနာမှာ နှစ်စဉ်ဖြစ်ပွားနေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရွာသွန်းခဲ့သည့်
မိုးကြောင့် ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ရဖူးကြောင်း သိရသည်။
.
သို့သော် ယင်းနောက်ပိုင်းတွင် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ရေကြီးရေလျှံမှု ပြဿနာမှာ ယခင်လောက် မဆိုးရွားသော်လည်း
ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။
.

No comments:
Post a Comment